
မွာလ်ပီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ဇူလိုင်လ ၆ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ဘက်သို့ သာလွန်အင်အားဖြင့် စစ်ကြောင်းချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်ချခြေကုပ်ယူထားသော မွာလ်ပီးကျေးရွာကို ချင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းမိကာ စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်းကျော် ရရှိကြောင်း ဒေသတွင်း သတင်းဌာနဖြစ်သည့် Chinland Channel က သတင်း/ ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်ကို သိရသည်။
ယမန်နေ့ တစ်နေ့တာ တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့ရပြီး ၁၅ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၅ မှ ၂၀ ဝန်းကျင် သေဆုံးကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွင် အများစုမှာ ပြည်သူ့စစ်များဖြစ်ပြီး ကလေးမြို့ပေါ်မှ တပ်ရင်း/တပ်ဖွဲ့များ၏ ထုတ်နှုတ်အင်အား ပါဝင်သကဲ့သို့ တမခ – ၃၃၊ တမခ – ၇၇ တို့ ပါဝင်ကြောင်း တွေ့ရသည်။
မွာပီးကျေးရွာတိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် မေလ ၁၈ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ စုစုပေါင်း ရဲဘော် ၁၂ ဦး ကျဆုံးမှုရှိပြီး အကြမ်းဖက်စစ်ကောင်စီ ဘက်တွင် စုစုပေါင်း ၅၀ ဝန်းကျင်အထိ ရှိနိုင်ပြီး၊ ဒဏ်ရာသူမှာ ရာဂဏန်းကျော်ရှိမည်ဖြစ်ကြောင်း စစ်ရေးသတင်းမြစ်များက သုံးသပ်ပြောဆိုထားသည်ကို သိရသည်။
သတင်း – James Roe
Source – Chinland Channel
Photo by Chinland Channel
ပုံစာ – ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်သားများ သေဆုံးနေပုံ။
