ကလေးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်
ဇူလိုင်လ ၈ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ(ကံပုလဲအရှေ့ရွာ) ရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ အထိုင်ချထားသည့် စခန်းတစ်ခုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရန်သူဘက်က ၆ ဦး သေဆုံးပြီး ၁ ဦး အရှင်မိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲတွင် Carbine ၄ လက်၊ BA 100 (၆၀မမ) ၁ လက်၊ G-3 ၂ လက်၊ ၆၀ ဖူး ၁၂ ခု၊ MG-1 ပလတ်စတစ်လက်ပစ်ဗုံး ၂ လုံး၊ i-con ၂ ခု၊ ၃၀ လက်မ ကာဘိုင်ကျည် ၁၁၇၅ တောင့်၊ 7.62 ကျည် ၅၀၉ တောင့်၊ (ကပစ) 5.56 ကျည် ၅၈ တောင့်၊ G-3 ကျည်ဘောက် ၉ ခု၊ ကာဘိုင်ကျည်ဘောက် ၉ ခု ရရှိခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်က တပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦး၊ ပျူစောထီး ၄ ဦး သေဆုံးခဲ့ပြီး ပျူစောထီး ၁ ဦး အရှင်ဖမ်းဆီးရရှိကာ တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး၏ အထိုင်စခန်းကို ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၁ နာရီ မိနစ် ၂၀ တွင် ခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး)ဦးဆောင်မှုဖြင့် ကလေးခရိုင်ပကဖရုံး လက်ရုံးတပ်ဖွဲ့၊ ကလေးခရိုင်ပကဖရုံး Wing of Kalay Drone Team၊ ထောက်ကြန့်ကျေးရွာ ပကဖ၊ ဇင်းဂလင်း ကျေးရွာပကဖ၊ ပေါက်တောကျေးရွာ ပကဖ၊ RAW (Kalay) ဆေးအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါ စခန်းသို့ ကလေးမြို့ ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ဒကစ) ဘက်မှ စစ်ကူအင်အား ရောက်ရှိလာခြင်း၊ စကစအထိုင်စခန်းတခုဖြစ်သည့် အဖွဲ့စက်ဘက်မှ လက်နက်ကြီး ပစ်ကူပေးခြင်းကြောင့် အဆိုပါစခန်းမှ တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း – James Roe
