ချင်းပြည်တော်လှန်ရေး အင်အားစုများအကြား ဖြစ်ပွားနေသည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာကြပါရန် NUCC ပန်ကြား
ဇူလိုင်လ ၉ ရက်၊ ၂၀၂၅။
ချင်းပြည်တော်လှန်ရေးအင်အားစု အချင်းချင်းအကြား လတ်တလော ဖြစ်ပွားနေသည့် သဘောထား ကွဲလွဲမှုများနှင့် နောက်ဆက်တွဲ ပွတ်တိုက်မှုများအတွက် နည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြပါရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ဇူလိုင်လ ၈ ရက်နေ့တွင် ပန်ကြားစာ ထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအကြား လက်တလောဖြစ်နေသည့် သဘောထားကွဲလွဲမှုများနှင့် နောက်ဆက်တွဲ ပွတ်တိုက်မှုများအတွက် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း NUCC က ဆိုသည်။
ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအနေဖြင့် တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန် NUCC ကမေတ္တာရပ်ခံ ပန်ကြားထားသည်။
ထို့အပြင် လိုအပ်ပါက ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် ပါဝင်ကူညီဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း NUCC က အသိပေးထုတ်ပြန်ထားသည်။
လက်ရှိ ချင်းပြည်၊ ဖလမ်းမြို့နယ်တွင် ဒေသတွင်း ချင်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် HPO/ CDF – Hualngoram နှင့် CNO/ CNDF တပ်ဖွဲ့တို့အကြား ဇူလိုင်လ ၂ ရက်နေ့မှစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး HPO/ CDF – Hualngoram ထိန်းချုပ်ထားသည့် ရိဒ်ခေါဒါရ်မြို့ကို CNO/ CNDF က ဇူလိုင်လ ၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်သည့် အခြေအနေရှိနေကြောင်း သိရသည်။
သတင်း – James Roe
