ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာ
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ရိခေါဒါရ်မြို့သည် HPO/CDF-Hualngoram ၏ ဒေသန္တရအစိုးရ အုပ်ချုပ်ရေးလုပ်ငန်း လည်ပတ်နေသည့်မြို့ ဖြစ်သကဲ့သို့ CNA တပ်မဟာ ၄ အခြေစိုက်ရာ နေရာလည်းဖြစ်ပြီး CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြကာ ရိခေါဒါရ်မြို့ ကို ဇူလိုင်လ ၅ ရက်နေ့တွင် CNO/CNDF တပ်ဖွဲ့က သိမ်းပိုက်နေရာယူခဲ့ခြင်း ဖြစ်သည်။
CNO/CNDF တပ်ဖွဲ့သည် ရိခေါဒါရ်မြို့တွင် ၅ ရက်ခန့်အခြေချတပ်စွဲထားပြီးနောက် ယနေ့နံနက် ၅ နာရီခန့်တွင် ပြန်လည်ဆုတ်ခွါသွားကြပြီဖြစ်ကြောင်းနှင့် CNA နှင့် CDF-Hualngoram တပ်ဖွဲ့တို့ မိမိတို့နေရာသို့ ပြန်လည်ဝင်လာကြကာ နယ်စပ် အိန္ဒိယ-မြန်မာတံတားပေါ်တွင် CNA/F အလံကိုလည်း ပြန်လည်လွှင့်ထူထားပြီဖြစ်ကြောင်း သိရသည်။
CNA ၊ CDF-Hualngoram နှင့် CNO/CNDF တပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၃၀၀၀ ကျော်တို့သည် မီဇိုရမ် ပြည်နယ် ဇိုခေါထာရ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိတွင် မိမိတို့နေအိမ်သို့ ပြန်လည် နေထိုင်ခြင်းမရှိသေးသော်လည်း မကြာခင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် Advocacy group for Peace အဖွဲ့၏ ကြားဝင်စေ့စပ်မှုဖြင့် CNF/CNA, HPO/CDF-Hualngoram နှင့် CNO/CNDF တို့ကြား ညှိနှိုင်းဆွေးနွေးမှုများလည်း ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း – James Roe
