ဟားခါးမြို့နယ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ပို့ဆောင်သည့် တာဝန်ခံတစ်ဦး ဆားလင်းကြီးမြို့နယ် ပကဖထံ လာရောက်အဖမ်းခံ
ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဟားခါးမြို့နယ်အတွင်း CDF-Hakha တပ်ဖွဲ့မှ ဇူလိုင်လ ၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို သယ်ယူပို့ဆောင်ရင်း ထွက်ပြေးသွားသည့် ကျော်မင်းဇော်(ခ) ကိုပုတီးသည် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ပကဖထံတွင် ဆက်သွယ်၍ လာရောက်အဖမ်းခံခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၄/၁၅) SSTF က ထုတ်ပြန်ထားသည်ကို သိရသည်။
ကျော်မင်းဇော်(ခ) ကိုပုတီးသည် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့၊ နေလည် ၃ နာရီ ၄၀ မိနစ်တွင် ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ကိုဖိုးလုံးထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ပြီး နောက်ထပ်တစ်ဦးဖြစ်သည့် မောင်ဇော်လတ်(ခ) ဦးဝင်းမော် ဆိုသူသည် ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
CDF-Hakha မှ ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ယင်းမာပင်ခရိုင် အမှတ် (၁၅) တပ်ရင်းမှူး လက်မှတ်ထိုးထားသော ထောက်ခံစာအား အလွဲသုံးစားလုပ်ကာ မူးယစ်ဆေးဝါး သယ်ယူသည့်ပြစ်မှုကို စစ်ဆေးစုံစမ်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၄/၁၅) SSTF ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းမာပင် တပ်ရင်း ၁၅ တပ်ရင်းမှုး ကိုဖိုးသောင်း၏ လက်မှတ်ဖြင့် ရဲဘော် လေးဦး၊ သေနတ် ၂ လက်၊ ကား ၂ စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ ပေးအပ်ခဲ့သည်မှာ မှန်ကန်မှုရှိသော်လည်း ဟားခါးမြို့နယ်အတွင်း CDF-Hakha တပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများသည် အဖွဲ့အစည်းနှင့် ပတ်သက်မှု မရှိကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၄/၁၅) SSTF က ဆိုသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်ခဲ့ကြသည်မှာ ရဲဘော်များ၏ ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး အဖွဲ့အစည်းနှင့် ပတ်သက်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးရေးများလည်း ဆောင်ရွက်နေပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၄/၁၅) SSTF က ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများကို ဇူလိုင်လ ၉ ရက်နေ့တွင် သယ်ဆောင်သူများရှေ့ မီးရှို့ဖျက်ဆီးခဲ့သည့် ဗီဒီယိုရုပ်သံအား CDF-Hakha က ထုတ်ပြန်ဖော်ပြထားသည်ကို သိရသည်။
သတင်း – James Roe
