ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်ပြည်သူများကို NCCD က အခြေခံစားနပ်ရိက္ခာများ ကူညီထောက်ပံ့
ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ တွန်းဇံ၊ ဖလမ်းမြို့နယ်နှင့် မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် တို့တွင် ရောက်ရှိနေသည့် ချင်းပြည်နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(NCCD) မှ ခြေခံစားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(NCCD) က ဇူလိုင်လ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ချင်းပြည်နယ်အတွင်းရှိ တွန်းဇံမြို့နယ်တွင် ၂ နေရာ၊ ဖလမ်းမြို့နယ်တွင် ၄ နေရာနှင့် မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်တွင် ၄ နေရာ စသည့်စုစုပေါင်း ၁၀ ရွာ တို့တွင် စစ်ဘေးရှောင် ခိုလှုံနေကြသည့် ပြည်သူများအား အခြေခံစားနပ်ရိက္ခာများ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား စသည်တို့ကို ကူညီထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
NCCD က ထန်တလန်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ် ကျေးရွာပေါင်း ၉ ရွာရှိ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ စားနပ်ရိက္ခာများကို ကူညီပေးနိုင်ခဲ့ကြောင်းနှင့် ဖော်ဖော်ဝါရီလ ၆ ရက်မှ ၁၇ ရက်နေ့အထိ ဖလမ်း၊ မင်းတပ်နှင့် ထန်တလန်မြို့နယ် ကျေးရွာ ၁၂ ရွာရှိ စစ်ရှောင်ပြည်သူများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် NCCD က အခြေခံလူထုဖွံ့ဖြိုးရေးသင်တန်းကိုလည်း ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ တီးတိန်မြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့အစည်း (NCCD) ကို ၁၉၉၅ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့ပြီး ချင်းပြည်နယ်အတွင်း လူငယ်များ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ရပ်ရွာ၊ လူထု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်။
သတင်း – James Roe

