တော်လှန်ရေးအဖွဲ့အစည်းများ၊ ချင်းပြည်သူများ၊ Supporting Team များနှင့် သတင်းမီဒီယာများသို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများမှ ပန်ကြားချက် ထုတ်ပြန်
ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၅။
အချင်းချင်း သွေးထွက်သံယို ဖြစ်စေမှုအား မည်သည့်အနေအထားတွင်မဆို ရှောင်ရှားပေးရန် တော်လှန်ရေး အဖွဲ့အစည်းများသို့ ပန်ကြားချက်အပါအဝင် ချင်းပြည်သူလူထုသို့ ပန်ကြားချက်နှင့် Supporting Team များနှင့် သတင်းမီဒီယာများသို့ ပန်ကြားချက်များကို ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများမှ ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများသည် မြန်မာစစ်တပ်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတရားသိမ်းယူရန် လုပ်ဆောင်မှုအား ပြတ်ပြတ်သားသား ဆန့်ကျင်သောအနေဖြင့် အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်၍ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာတွင် ရှေ့ဆောင်ခဲ့ကြသူများ ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အသက်ကိုစွန့်လွှတ်၍ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြသော လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအားလုံးကို လှိုက်လှိုက်လှဲလှဲကြိုဆိုလျက် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများတွင် တတ်အားသရွေ့ပါဝင်ကူညီလျက်ရှိကြောင်း ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
သို့ရာတွင် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်သည့် ချင်းတော်လှန်ရေးအင်အားစုများ အချင်းချင်းအကြား ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် လွန်စွာစိတ်ထိခိုက်ဝမ်းနည်းရကြောင်း ပြောသည်။
ကျန်းမာရေးဝန်ထမ်းများ အချင်းချင်းအကြား စည်းလုံးမှုပျက်ပြားစေနိုင်ပြီး ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးစေနိုင်ကာ ထိုမှတဆင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ထိခိုက်လာနိုင်သည်။
ထို့အပြင် ပြည်သူများအချင်းချင်းအကြားတွင် အမုန်းတရားများ တိုးပွားလာနိုင်ခြင်း၊ စစ်၏ဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ(မသန်စွမ်းလူနာများအပါအဝင်) ရရှိသူများ တိုးပွားလာနိုင်ခြင်း၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှောင့်နှေးရခြင်းနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ဒုက္ခများ (ကူးစက်ရောဂါ၊ အာဟာချိုတဲ့မှုနှင့် မကုသဘဲထားလိုက်ရသည့် နာတာရှည်ရောဂါများ) ကို အများပြည်သူမှ ဆထက်ပိုး ခံစားကြရမှုများအတွက်လည်း ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် လွန်စွာစိတ်ထိခိုက်ဝမ်းနည်းရသည်။
စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်သည့် တော်လှန်ရေးအင်အားစုများ အချင်းချင်းအကြား ပွတ်တိုက်မှုများသည် CDM ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ချင်းပြည်သူတရပ်လုံးသာမက မြန်မာပြည်သူ တရပ်လုံးလိုလားသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးလမ်းကြောင်းကို နှောင့်နှေးစေမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပြီး အချင်းချင်းကြား သွေးထွက်သံယိုမှုဖြစ်ပွားပါက ပဋိပက္ခသက်ဆိုးရှည်၍ သံသရာလည်နေဦးမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများမှ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ အောက်ပါအတိုင်း အလေးအနက် တိုက်တွန်းပန်ကြားထားသည်။
အချင်းချင်း အမုန်းပွားစေမည့် စကားများ ပြောဆိုခြင်း၊ မသေချာ မမှန်ကန်သည့် သတင်းများအား မစိစစ်ဘဲ ဖြန့်ဝေခြင်းများကို ရှောင်ရှားပေးနိုင်ကြပါရန်၊ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကူညီကြပါရန်နှင့် အချင်းချင်း တိုက်ခိုက်မှုအတွက် ကူညီထောက်ပံ့ခြင်း မပြုကြပါရန် ချင်းပြန်သူလူထုတို့ ပန်ကြားထားသည်။
အချင်းချင်း သွေးထွက်သံယိုဖြစ်စေမှုအား မည်သည့်အနေအထားတွင်မဆို ရှောင်ရှားပေးနိုင်ကြပါရန်၊ ကျန်းမာရေး ၊ ပညာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား လုပ်ဆောင်ရာတွင် အတားအဆီး မပြုလုပ် ကြပါရန်။
မိမိတို့ဘုံရန်သူဖြစ်သော စစ်အာဏာရှင်ကိုသာ ဦးတည်၍ ဆန့်ကျင်တိုက်ခိုက်ကြစေလိုကြောင်းနှင့် ဒေသခံတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များအကြားတွင် ဖြစ်ပွားသည့် မည်သည့်ပြဿနာပဋိပက္ခကြီးငယ် ကိုမဆို အကြမ်းမဖက် စားပွဲဝိုင်းတွင်သာ ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြပါရန်။
မည်သည့်အခြေအနေတွင်မဆို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများကို နှောင့်ယှက်တားဆီးမှု၊ ကျန်းမာရေးအဆောက်အဦနှင့် ဆေးပစ္စည်းကိရိယာများကို ထိခိုက်ပျက်စီးစေမှုများမှ ရှောင်ကြဉ် ပေးနိုင်ကြပါရန်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိခိုက် နှောင့်နှေးပျက်ပြားစေမည့် လုပ်ရပ်အားလုံးမှ ရှောင်ကြဉ်ပေးနိုင်ကြပါရန်၊ ကျန်းမာရေး CDM ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ရန် အခြားနေရာဒေသများသို့ ဖြတ်သန်းခရီးသွားလာခြင်းနှင့် ဆေးပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းများကိုလည်း အတားအဆီး အထိအခိုက်မရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုနိုင်ကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများသို့ ပန်ကြားထားသည်။
Supporting Team များနှင့် သတင်းမီဒီယာများသို့ အချင်းချင်းအမုန်းပွားစေမည့်စကားများပြောဆိုခြင်းဖြင့် ရန်ပုံငွေရှာဖွေမှုပြုလုပ်ခြင်းများကို ရှောင်ရှား ပေးနိုင်ကြပါရန်၊ လူမျိုးရေး အမုန်းပွားစေမည့် ကိစ္စရပ်များအား ရေးသားဖြန့်ဖြူးခြင်းမပြုလုပ်ကြပါရန်။
ချင်းလက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း ပစ်ခတ်ရန်အတွက် ရန်ပုံငွေရှာဖွေခြင်းများ မပြုလုပ်ကြပါရန်။
အငြင်းပွားမှုများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာနိုင်ရေးကိုသာ ဦးစားပေးပြုလုပ်ပေးနိုင်ကြပါရန်။ မိမိတို့အားပေးသော အဖွဲ့အစည်းကို ကူညီလိုသည့်ဆန္ဒတစ်ခုတည်းဖြင့် ပြည်သူလူထုကို သတင်းမှားများ မဖြန့်ချိကြပါရန်နှင့် စိတ်ဒဏ်ရာများမရရှိကြစေရန် အရေးအသား၊ အသုံးအနှုန်းများကို အထူးဂရုပြုပေးနိုင်ကြ ပါရန် ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများ ကထုတ်ပြန်ထားသည်။
သတင်း – James Roe
