ချင်းအမျိုးသားတက္ကသိုလ်(The Chin National University-CNU) တွင် သင်ကြားပေးမည့် တက္ကသိုလ် ဆရာ/မများကို ခေါ်ယူနေ
ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ချင်းအမျိုးသားတက္ကသိုလ်(The Chin National University-CNU) တွင် သင်ကြားပေးမည့် တက္ကသိုလ် ဆရာ/မများကို ခေါ်ယူနေကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်ကို သိရသည်။
ချင်းအမျိုးသားတက္ကသိုလ် (The Chin National University-CNU) တွင် လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ လစ်လပ်လျက်ရှိပြီး မြေပြင်တွင် တာဝန်ထမ်းဆောင်နိုင်သူများကို ခေါ်ယူနေခြင်း ဖြစ်သည်။
ဘွဲ့ကြို/ ဘွဲ့လွန်လက်မှတ် ရသူများသည် လက်ထောက် ကထိကရာထူး၊ ပါရဂူဘွဲ့ရသူများသည် ကထိကရာထူး၊ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံတစ်ခုခု (သို့မဟုတ်) အစိုးရဌာနတစ်ခုခုတွင် တာဝန်ထမ်းဆောင်ဖူးသူများသည် မူလရာထူးထက် မနိမ့်သော ရာထူးများကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ဆိုသည်။
လျှောက်ထားနိုင်သည့် အထူးပြုဘာသာရပ်များနှင့် ပညာအရည်အချင်းများမှာ အင်္ဂလိပ်စာ အထူးပြုအတွက် BA/ MA/ PhD ဘွဲ့ရရှိသူများ၊ ဆေးပညာအတွက် MBBS/ MMedSc/ PhD ဘွဲ့ရရှိသူများ၊ သူနာပြုပညာအတွက် BNSc/ MNSc/ PhD ဘွဲ့ရရှိသူများ ဖြစ်သည်။
Philosophy, Law, History, Political Science, Geography, Psychology, Economics အထူးပြုအတွက် MBA/ MA/ PhD ဘွဲ့ရရှိသူများ၊ ပညာရေးအထူးပြုအတွက် DTEd/ BEd/ MEd/ PhD ဘွဲ့ရရှိသူများ၊ အင်ဂျင်နီယာပညာဖြင့် BTech/ BE/ ME/ PhD ဘွဲ့ရရှိသူများ ဖြစ်သည်။
Mathematics, Physics, Chemistry, Botany, Zoology, Geology အထူးပြုအတွက် MSc/ PhD ဘွဲ့ရရှိသူများ၊ စိုက်ပျိုးရေးပညာအတွက် BAgrSc/ MAgrSc/ PhD ဘွဲ့ရရှိသူများ၊ သစ်တောပညာအတွက် BSc/ MSc/ PhD ဘွဲ့ရရှိသူများ၊ တိရစ္ဆာန်ဆေးပညာအတွက် BVSc/ MVSc/ PhD ဘွဲ့ရရှိသူများနှင့် ကွန်ပျူတာသိပ္ပံအတွက် BCSc/ MCSc/ PhD ဘွဲ့ရရှိသူများ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
ပညာအရည်အချင်း လက်မှတ်အထောက်အထား မိတ္တူများ၊ CV၊ ဝန်ထမ်းဖြစ်ပါက ရာထူးအထောက်အထား မိတ္တူများကို ပူးတွဲ၍ [email protected] သို့ လျှောက်ထားရမည်ဖြစ်ပြီး ပဏာမ ရွေးချယ်ခံရသူများကိုသာ လူတွေ့စစ်ဆေးမည့်အချိန်ကို ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း – James Roe
