
MDF နှင့် AA တို့ပူးပေါင်း၍ IMC/CDF-Mara ဌာနချုပ်ကို စစ်ကြောင်းထိုးလာကာ CDF-Mara နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားလျက်ရှိ
ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၅။
IMC/CDF-Mara ဌာနချုပ် ဧရိယာအတွင်း MDF နှင့် မဟာမိတ် AA တပ်ဖွဲ့များသည် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်းကြောင့် CDF-Mara နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း သိရသည်။
IMC/CDF-Mara မှ ဇူလိုင်လ ၅ ရက်နေ့တွင် အချင်းချင်းကြား စစ်ရေးပွတ်တိုက်မှု မဖြစ်ပွားစေရန် MDFနှင့် AA တပ်ဖွဲ့ကို IMC/CDF-Mara ဌာနချုပ်ဧရိယာအတွင်းမှ အမြန်ဆုံး ပြန်လည်ဆုတ်ခွာကြရန် အသိပေးထား သော်လည်း လိုက်နာခြင်းမရှိဘဲ အင်အား ၂၀၀ ခန့် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေလျက် ရှိသည်။
MDFနှင့် AA တပ်ဖွဲ့နှင့် IMC/CDF-Mara တို့သည် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှစ၍ ဖာရ်တလန်ရွာအနီး ၃ နေရာတွင် စတင်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ယနေ့ ဇူလိုင် ၁၆ ရက်နေ့အထိ MDFနှင့် AA တပ်ဖွဲ့သည် နောက်မဆုတ်ဘဲ ဆက်လက် ထိုးစစ်ဆင်နေသောကြောင့် IMC/CDF-Mara အနေဖြင့် ဌာနချုပ် မကျစေရေးအတွက် ပြည်သူများနှင့် ပူးပေါင်း၍ ရရာလက်နက်များဖြင့် ခုခံကာကွယ်လျက်ရှိသည်။
MDF နှင့် AA တပ်ဖွဲ့တို့သည် အင်အားအလုံးအရင်းဖြင့် IMC/CDF-Mara ဌာနချုပ်ကို သိမ်းပိုက်ရန်နှင့် ချင်းပြည် မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန် လမ်းကြောင်းဖောက်ထွင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဆိုသည်။
မရာလူမျိုးအချင်းချင်းကြား ပဋိပက္ခပိုမိုကြီးထွားအောင် ချင်းညီနောင် CB နှင့် AA တပ်ဖွဲ့များသည် MDF ဖက်တွင် တဖက်သက်ရပ်တည်ပြီး စစ်အင်အား၊ လက်နက်အင်အား ကူညီပေးနေမှုအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း IMC/CDF-Mara က ဖော်ပြထားသည်။
IMC/CDF-Mara သည် ပြည်သူများနှင့် ပူးပေါင်းပြီး အာဏာရှင်ဖြုတ်ချရေးတွင် ၄ နှစ်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး နွေဦးတော်လှန်ရေးအောင်မြင်နိုင်ရေးအတွက် မရာနယ်ရှိစစ်ကောင်စီစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ချင်းပြည်နှင့် မြန်မာပြည်တစ်ဝန်း လွတ်မြောက်နိုင်ရေးအတွက် အားတက်သရောပါဝင်ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
သတင်း – James Roe
