မလေးရှားနိုင်ငံတွင် စည်းကမ်းမဲ့ သောက်စားမူးရစ်ခြင်း၊ ရမ်းကားခြင်း၊ စည်းကမ်းမဲ့ နေထိုင်သွားလာခြင်းများနှင့် ပတ်သက်၍ ICC နှင့် IPD-Dang Wangi (ရဲဌာန) အကြီးကဲများ တွေ့ဆုံဆွေးနွေး
ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၅။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နေရာ တချို့တွင် မိမိတို့လူမျိုးများ၏ စည်းကမ်းမဲ့ သောက်စားမူးရစ်ခြင်း၊ ရမ်းကားခြင်း၊ စည်းကမ်းမဲ့ နေထိုင်သွားလာခြင်းများနှင့်ပတ်သက်၍ IPD-Dang Wangi (ရဲဌာန) အရာရှိအကြီးကဲများနှင့် မလေးရှားရောက် ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ICC ခေါင်းဆောင်များသည် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် CRC ရုံးတွင် တွေ့ဆုံကာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးရသည့် အဓိကအချက်မှာ ပတ်၀န်းကျင်သန့်ရှင်းရေးနှင့် ဆူပူရမ်းကားမှုများကို မည်ကဲ့သို့ အတူတကွ လက်တွဲကာ ကိုင်တွယ်ဖြေရှင်းကြမည်ကို ဆွေးနွေးခဲ့ကြပြီး လာမည့် သြဂုတ်လ ၉ ရက်နေ့ တွင် Pudu ဧရိယာရှိ ချင်းဒုက္ခသည်များကို ၎င်းရဲဌာနအကြီးကဲများသည် လူထုနှင့်တွေ့ဆုံ၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ပြောကြားခြင်းကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း Independent Chin Communities – ICC က ဆိုသည်။
IPD-Dang Wangi (ရဲဌာန) ရဲအရာရှိများနှင့် လက်တွဲကာ ပတ်၀န်းကျင် စည်းမျဥ်းစည်းကမ်း ထိန်းသိမ်းခြင်းများ ပြုလုပ်နိုင်ရန်အတွက် ICC ဘက်မှလည်း လိုအပ်သည့် ကော်မတီ (သို့မဟုတ်) ယာယီစည်းကမ်းထိန်းအဖွဲ့ ဖွဲ့စည်းခြင်းကိုလည်း လူထုအစည်းဝေး ပြုလုပ်ပြီးသည့်နောက် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးသည်။
ICC နှင့် ရဲဌာနဘက်မှ ဦးစီးဦးဆောင်၍ ပြုလုပ်မည့် လူထုတွေ့ဆုံခြင်းအစီစဉ် အသေးစိတ်ကို ICC ဘက်မှ ပြန်လည် ကြေငြာပေးသွားမည်ဖြစ်ကြောင်း၊ လူထုဘက်မှလည်း အားလုံးတက်ရောက်ပေးကြရန်နှင့် ဘာသာရေး ဘက်မှ အသင်းတော် ဆရာ/မနှင့် ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ အသင်းသူ/သားများ အားလုံးကို တက်ရောက်ကြရန်အတွက် တိုက်တွန်းအားပေး ပေးကြပါရန် ICC က အထူးတောင်းဆို ထုတ်ပြန်ထားသည်။
သတင်း – James Roe
