ချင်းဒုက္ခသည် ၂ သိန်းဝန်းကျင် ဘေးလွတ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း ICA ထုတ်ပြန်
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်တွင် ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၅ သိန်းဝန်းကျင် ရှိသည့်အထဲတွင် လူဦးရေ ၂ သိန်းဝန်းကျင်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများကြောင့် ဒုက္ခသည်များအဖြစ် ဘေးလွတ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA) က ဇူလိုင်လ ၁၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းဒုက္ခသည် ၂ သိန်းထဲမှ ၁ သိန်းသုံးသောင်း ဝန်းကျင်သည် မြန်မာပြည်တွင်းထဲသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး ၇ သောင်းဝန်းကျင်သည် အိန္ဒိယနိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်နေကြကြောင်းနှင့် မိမိတို့ အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှင်းနေကြရကြောင်း ICA က ဆိုသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည် လူဦးရေမှာ ၄၅၀၀၀ ခန့်ရှိပြီး ထိုအထဲတွင် ၉၀ ရာခိုင်နှုန်းမှာ ချင်းလူမျိုးများဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ဒုက္ခသည်များမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ဘက်မှဖြစ်ကြောင်း ICA ၏ ဒေတာအချက်အလက်တွင် ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၇ ခရိုင်တွင် ဒုက္ခသည်စခန်းပေါင်း ၁၂၇ ခုရှိကာ လူဦးရေ ၂၅၅၆၇ ဦးနေထိုင်ကြပြီး ၂ သောင်းကျော်သည် အိမ်ငှား၍နေထိုင်ခြင်း၊ တောင်ယာစောင့်ပေးခြင်း တို့ဖြင့် အလျင်းသင့်သလို နေထိုင်ကြရကြောင်း ICA ပြောသည်။
မြန်မာဒုက္ခသည်များအတွက် ပြည်တွင်းနိုင်ငံရေးပဋိပက္ခ ကြန့်ကြာနေခြင်းသည် အဓိကပြဿနာဖြစ်ပြီး အိန္ဒိယဗဟိုအစိုးရ၏ နိုင်ငံခြားငွေကြေးအပေါ် တင်းကြပ်မှု၊ NGO, INGO များအပေါ် တင်းကြပ်မှုနှင့် USAID ဖြတ်တောက်တာမှု စသည်တို့ကြောင့် ဒုက္ခသည်များအပေါ် ထောက်ပံ့မှုနည်း သထက်နည်းလာပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး တို့တွင်လည်း အခက်ခဲ၊ စိန်ခေါ်မှုများ ပိုမိုရှိလာကာ အကြပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ICA ဖော်ပြထားသည်။
ချင်းပြည်နယ်၏ ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီးဖြစ်သော်လည်း လေကြောင်းရန် အန္တရာယ်နှင့် မြန်မာနိုင်ငံ ပြည်တွင်း စစ်ရေးအရှိန်မြင့်တက်လာမှု၊ ချင်းပြည်တွင်း နိုင်ငံရေးပဋိပက္ခအရှိန် မြင့်တက်လာမှုကြောင့် ဒုက္ခသည်များ အချင်းချင်းကြား သဘောထားကွဲလွဲမှုများမှစ၍ ဒုက္ခသည်များ အချင်းချင်းရန်ငြိုးဖွဲ့လာခြင်းကြောင့် ပြည်သူအများစုသည် မိမိတို့နေရပ်သို့ ပြန်လည်အခြေချနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဒေသခံပြည်သူများသည် မြန်မာဒုက္ခသည်များ အချင်းချင်းကြား စည်းလုံးမှု ပျက်ပြားလာပြီးနောက် မြန်မာဒုက္ခသည်များကို ပြည်တွင်းပြန်ပို့ရန် အစိုးရထံသို့ တောင်းဆိုမှုများ ပြုလုပ်လာကြကြောင်း သိရသည်။
သတင်း – James Roe
