လောက်တူဒေသတွင် LRPA က ပြည်သူ့ကျန်းမာရေးအတွက် သက်တမ်းကုန်လွန်သည့် ဆေးဝါးနှင့် စားသောက်ကုန်များကို စစ်ဆေးပြီး မီးရှို့ဖျက်ဆီးမှုများ ဆောင်ရွက်
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် Lautu (လောက်တူ)ဒေသ၊ နှာရိန်မြို့အပါအဝင် ကျေးရွာ ၁၈ ရွာတွင် ပြည်သူ့ကျန်းမာရေးအတွက် သက်တမ်းကုန်လွန်သည့် ဆေးဝါးများနှင့် စားသောက်ကုန်များကို စစ်ဆေးပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း လောက်တူဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ LRPA က ထုတ်ပြန်ထားသည်။
နှာရိမ်မြို့အပါအဝင် ကျေးရွာ ၁၈ ရွာတွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဆေးဝါးများ၊ စားသောက်ကုန်များနှင့် ရေသန့်များကို လောက်တူဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နှင့် လူငယ်အဖွဲ့များက စစ်ဆေးကာ သက်တမ်းကုန်လွန်သည်များကို မီးရှို့ဖျက်ဆီးဖျက်ဆီးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
“ရပ်ကွက်ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူငယ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ သက်တမ်းကုန်ပစ္စည်းတွေ စစ်ဆေးရေးတာဝန်ပေးတယ်။ စစ်ဆေးတာကို ဇူလိုင်လ ၁ ရက်နေ့ကစလို့ သက်တမ်းကုန် ဆေးဝါး၊ စားသုံးကုန်တွေနဲ့ ရေသန့်တွေ စစ်ဆေးတယ်။ နှာရိန်မြို့အပါအဝင် ကျေးရွာ ၁၈ ရွာလောက်တော့ စစ်ဆေးပြီးပြီ။ ပြီးသလောက်တော့ ရှိတယ်။ သက်တမ်းကုန်ပစ္စည်းတွေကို လောက်တူဒေသကို တင်သွင်းတာတွေလည်း ရှိကောင်းရှိနိုင်တယ်။ ဒီတခါဘဲ ပညာပေးပေါ့၊ ပြည်သူကျန်းမာရေးအတွက် ဆိုပြီး စစ်ဆေးတာဖြစ်တယ်…” ဟု လောက်တူဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဆလိုင်းဂျဲမ်းထန်းက ပြောသည်။
ပြည်သူလူထု နစ်နာမှုမရှိစေရန်အတွက် နောက်နောင်တွင် သက်တမ်းကုန်ပစ္စည်းများ သယ်ဆောင်လာခွင့် မရရှိစေရန်နှင့် ရောင်းချခွင့် မရှိစေရန်အတွက်လည်း တားမြစ်မှုများလုပ်ဆောင်ခဲ့ကြောင်း လောက်တူဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဆလိုင်းဂျဲမ်းထန်းက ဆက်ပြောသည်။
လောက်တူမျိုးနွယ်စုများ နေထိုင်သော ဒေသများဖြစ်သည့် ချင်းပြည်၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ် တို့တွင် လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်စီမံနေခြင်း ဖြစ်သည်။
သတင်း – James Roe

