၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်။
ဒီနေ့ကတော့ မနေ့ညက တောင်တွေးမြောက်တွေးနဲ့ ညဉ့်နက်မှ အိပ်ပျော်ပေမဲ့ မနက်အစောကြီးနိုးနေပါတယ်။
လူက ညီစီစီဖြစ်နေပြီး လန်းဆန်းမှုမရှိ။ ဆောင်းလေကတော့ သူ့ဝတ္တရားအတိုင်း မြူတွေနဲ့ဝေ့ဝေ့ပြီး တိုက်ခတ်နေပါတယ်။ တစ်ကိုယ်ရေဝေယျာဝစ္စတွေလုပ်နေတုန်း ရုံးကရဲဘော်လေးတစ်ယောက် ရောက်လာပါတယ်။
လက်ထဲမှာလည်း မုန့်တွေ၊ သစ်သီးတွေနဲ့။
“လူကြီးက ပေးခိုင်းတာပါ…” ရည်ရည်မွန်မွန်လေးပြောပြီး ကျွန်တော့်လက်ထဲ ပေးပါတယ်။
“ကျေးဇူးတင်ပါတယ်…” လို့ ပြောပြီးယူထားလိုက်ပါတယ်။ ခရစ်စမတ်မို့ လက်ဆောင်လိုလိုလာပေးတာများလားမသိ။
ပြီးတော့တစ်စပ်တည်း…
“ကိုယ်စားလှယ်အတွက် မနက်စာနဲ့ ညစာကို ဗိုလ်မှူးခိုင်ယက္ခအတွက် ချက်ပေးရတဲ့ ရုံးအဖွဲ့ဖိုကြီးကနေ နေ့တိုင်း လာပို့ပေးပါမယ်…” ပြောပြီးပြန်သွားပါတယ်။
ရလာတဲ့ မုန့်နဲ့ သစ်သီးတွေကို တစ်ယောက်တည်း မစားပါ။ အကျဉ်းသားတွေ၊ လုံခြုံရေးရဲဘော်တွေနဲ့ အတူမျှဝေ စားဖြစ်ပါတယ်။ အတူတူဝေမျှစားရတဲ့ အခိုက်အတန့်မှာ လုံးလုံးလျားလျား စိတ်ကြည်လင်နေတာမျိုး မဟုတ်ပေမဲ့ ကြည်နူးစိတ်ကလေး လတ်ကနဲဝင်လာပါတယ်။ ခံစားချက်က သိမ်မွေ့လွန်းပေမဲ့ ဒါလည်းစိတ်အဟာရတစ်ခုနေမှာပဲလို့ တွေးမိပါတယ်။
အဲဒီနေ့ကစပြီး နေ့လည်စာနဲ့ ညနေစာကို ရုံးကရဲဘော်တွေက ယူလာပေးပါတယ်။ ဝက်သား၊ ကြက်သားနဲ့ ငါး ဟင်းတွေစားရတတ်ပါတယ်။ ဒီ့အပြင် ထမင်းဟင်း သန့်သန့်စားရတာရယ်၊ အရင်ကထက် စိတ်လေးလံမှု လျော့ပါးလာတာရယ်ကြောင့် လူကရွှင်ရွှင်လန်းလန်းဖြစ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာသလိုလို ခံစားရပါတယ်။
လုပ်စရာမရှိတော့ နေ့စဉ်ဖြတ်သန်းမှုကို အတိုကောက်မှတ်တမ်းလေးရေးလိုက်၊ လမ်းလျှောက်လိုက်၊ ကုလားတန်မြစ်ဘက်ငေးလိုက်နဲ့။ ကိုယ့်ရဲ့တစ်နေ့တာမှာလည်း ဒါပဲ လုပ်စရာရှိတာ မဟုတ်လား။
တစ်ယောက်တည်း တိတ်တဆိတ် ကုလားတန်မြစ်ဘက်ငေးရင်း “မြစ်ရေအလျဉ်ကို နှစ်ကြိမ်ထိလို့မရဘူး”ဆိုတဲ့ ဟေရာကလွိုက်တက်ရဲ့ ဒဿနအတွေးတွေလည်း မဆီမဆိုင် တွေးဖြစ်ပါသေးတယ်။ ဟုတ်တာပေါ့။ ဖြတ်သန်းသွားတဲ့မြစ်ရေလို ကုန်လွန်သွားတဲ့အရာတွေကို ဘယ်သူကမှ ပြန်ရရိုးထုံးစံမရှိဘူးလေ။ ပစ္စုပ္ပန်တည့်တည့်ကို မျက်နှာမူရတာချည်းပါပဲ။
ဒီလိုဆိုတော့လည်း အရေးပါအရာရောက်မှုကို လိုချင်တတ်မက်တဲ့ လူသားပီပီ အနည်းဆုံးတော့ လူသားဆန်ဆန် အသိအမှတ်ပြုမှု ခံချင်ကြတာ အပြစ်လားလို့ မေးခွန်းထုတ်မိတယ်။ “မင်းကဘယ်လိုကောင်ပဲ”ဆိုပြီး တစ်ဖက်သတ်ကောက်ချက်အချခံရတဲ့အခါ ဘယ်သူမဆို နာကျင်ခံခက်ကြရတယ် မဟုတ်လား။
အခုတလော စိတ်သက်သာရာရမှုကလည်း အရင်ကထက် အသိအမှတ်ပြုမှုရလာလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ လောလောဆယ် ထူးပြီးဝမ်းသာနေတာ၊ ထူးပြီးဝမ်းနည်းနေတာမျိုး မခံစားရတော့တာ အမှန်ပါပဲ။ လက်ရှိကြုံနေတဲ့အခြေအနေကို အဆုံးထိဖြတ်သန်းသွားဖို့ပဲ စိတ်ပိုင်းဖြတ်ထားပါတယ်။
ထားပါ။ ကျွန်တော် တည့်တည့်မျက်နှာမူရတဲ့ ပစ္စုပ္ပန်ကတော့ အေအေလက်ထဲ အကျဉ်းသားဖြစ်နေတာ ရက် ပေါင်း ၅၄ ရက် ရှိနေပြီ ဆိုတာပါပဲ။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇-၂၈-၂၉-၃၀ ရက်။
ဒီရက်တွေအကြောင်းကိုတော့ ရောထွေးမှတ်တမ်းအဖြစ် ရေးလိုက်ပါတယ်။
ရုံးအဖွဲ့ကပို့ပေးတဲ့ ထမင်းက တစ်ခါတစ်လေ အချိန်မမှန်တတ်ပါဘူး။ အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်ကိုယ်တိုင် သူတို့ရဲ့ ဖိုကြီးဆီသွားယူရတာလည်းရှိပါတယ်။ ဒါပေမဲ့ အမြဲတမ်းအဆင်ပြေနေတာမျိုးတော့မဟုတ်။ အချို့အချိန်တွေ အဆင်ပြေပေမဲ့ တစ်ခါတလေ ဟင်းမကျတ်သေးတာမျိုးလည်း ကြုံရပါတယ်။
အရာရှိရိပ်သာမှာ ဟင်းမကျက်သေးတဲ့အချိန် ကိုယ်ကလည်း ဗိုက်ဆာနေတာမျိုးဆိုရင် ရဲဘော်တွေရဲ့ ဖိုကြီးဆီ သွားပြီးစားလိုက်ပါတယ်။ ရဲဘော်တွေရဲ့ ဖိုကြီးမှာ ဟင်းကဖြစ်သလိုဆိုပေမဲ့ အချိန်တော်တော်ကြာကြာ စားလာခဲ့တာဆိုတော့ စားရတာအဆင်ပြေနေပါတယ်။ ပြီးမှ အရာရှိရိပ်သာကပို့လာတဲ့ ထမင်းနဲ့ဟင်းကိုတော့ အကျဉ်းသားတွေနဲ့ လုံခြုံရေးရဲဘော်တွေ ဝိုင်းစားလိုက်ကြပါတယ်။ သူ့နည်းသူ့ဟန်နဲ့ အတော့်ကို အဆင်ပြေနေတဲ့ အခိုက်အတန့်တွေပါ။
တစ်ရက်တော့ ရိက္ခာထမ်းရဲဘော်တွေနဲ့အတူ ဟွန်ဒါမီးစက်တစ်လုံး ပါလာတာတွေ့ရပါတယ်။ နောက်တော့ ဗိုလ်မှုးခိုင်ယက္ခရုံးမှာ ညဘက်မီးထွန်းတာတွေ့ရပါတယ်။ သိပ်မကြာဘူး။ ဗိုလ်မှုးခိုင်ယက္ခရဲ့ မိသားစုရောက်လာပါတယ်။ သူတို့မှာ သားငယ်လေးတစ်ဦးနဲ့ ကလေးထိန်းအမျိုးသမီးတစ်ဦးလည်း ပါလာတာတွေ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့စခန်းမှာ ညဦးယံတို့ သန်းခေါင်ယံတို့ဆို သူတို့ရုံးဘက်က ကြက်တွန်သံနဲ့အတူ ကလေးငိုသံပါကြားရပါတယ်။ ကြက်တွေဘာတွေလည်းမွေးထားပုံပါပဲ။ မသိရင် ပီဘိရွာကလေး ဖြစ်နေတာပေါ့။
ဗိုလ်မှုးခိုင်ယက္ခဇနီးက ပလက်ဝမြို့နယ်၊ မြိတ်ဝ(အိန္ဒိယနယ်စပ်အနီး)ရွာက ရခိုင်သူပါ။ အရင်က မြိတ်ဝရွာရဲ့ ကျောင်းဆရာမ (ရခိုင်အခေါ် စပါးတောင်းဆရာမ) တစ်ဦးပါတဲ့။ စပါးတောင်းဆရာမဆိုတာ အစိုးရခန့်မဟုတ်ဘဲ ဒေသခံတွေက လခပေးခန့်တဲ့ စာပြဆရာမကို ပြောတာပါ။ ဒီလိုပဲ ပလက်ဝဒေသရယ်လို့မဟုတ် စာသင်ပြမယ့် ဆရာတွေ မလုံလောက်တော့ ဆွဲခန့်ဆရာတွေ၊ ရွာသားတွေကငှားရမ်းတဲ့ ဆရာတွေ ဝင်သင်ရတဲ့ ကျောင်းတွေမှ အများကြီးပါပဲ။
အခုလက်ရှိ အခြေအနေတွေကို ဆက်စပ်တွေးကြည့်လိုက်ရင် အေအေနဲ့ အစိုးရတပ်ကြား တင်းမာမှု နည်းနည်းလျော့လာတယ်လို့ အဖြေထွက်ပါတယ်။ ဒါကြောင့်လည်း ရန်သူနဲ့လက်တစ်ကမ်းမှာရှိတဲ့ ရှေ့တန်းယာယီစခန်းမှာတောင် မိသားစုတွေဘာတွေ ခေါ်လာနိုင်တာမဟုတ်လား။ ဒီကာလမှာတော့ အခြေအနေအရပ်ရပ် အသေးစိတ်အချက်အလက်တွေကအစ ဆက်စပ်တွေးတတ်ရတာပေါ့။
ဒီဇင်ဘာ ၂၈ ရက်ကလား ၂၉ ရက်ကလား သေသေချာချာ မမှတ်မိတော့ပါ။ အဲဒါက ကျွန်တော် ဒုတိယအကြိမ် ဆံပင်ညှပ်ဖြစ်တဲ့ရက်ပါ။ ရုံးအဖွဲ့ထဲက ရဲဘော်တစ်ယောက်က မှန်ကွဲလေးတစ်ချပ်ရယ် ကပ်ကြေးလေးတစ်လက်ရယ်နဲ့ စိတ်ရှည်လက်ရှည်ညှပ်ပေးပါတယ်။ သ,စရာ ဘီးမရှိပါဘူး။ ကိစ္စမရှိ။ ကျွန်တော်လည်း ခပ်တိုတိုပဲ ညှပ်ခိုင်းလိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပြက္ခဒိန်ရက်စွဲအရ ဒီဇင်ဘာ ၃၀ ဆိုတော့ ကျွန်တော် ဒီရောက်နေတာ ၅၈ ရက်ရှိနေပြီပေါ့။ ရောက်စတုန်းက တစ်ရက်တစ်ရက်ကို ကျော်လွန်ဖို့ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပေမဲ့ ဒီမှာနေလာတာကြာတော့ အခု ရက်ပေါင်း ၅၈ ရက်ကို ကျွန်တော်ဘယ်လိုများ ဖြတ်သန်းခဲ့ရပါသလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း တအံ့တဩ ဖြစ်ရပါသေးတယ်။
လူကြီးသူမဆုံးမစကားမှာတော့ တဖြည်းဖြည်းချင်းပဲ ဖြတ်ကျော်ပါဆိုတဲ့စကားရှိပါတယ်။
အေးပေါ့၊ အဲဒီကာလတွေကို စိတ်ပင်ပန်းမှုတွေ၊ ကိုယ်ပင်ပန်းမှုတွေ ဒီ့ထက် နင့်နင့်ပိုးပိုးခံစားရတဲ့ စိတ်သောက တွေကို ထမ်းပိုးရင်း ဖြတ်ကျော်လာခဲ့ပါတယ်။ တောင်တက်သူတို့အဖို့ တက်နေစဉ်မှာ ပင်ပန်းရပေမယ့် တောင်ထိပ်ရောက်တဲ့အခါ ကျေနပ်ပီတိခံစားရသလိုမျိုးပါပဲ။
ကျွန်တော်လည်း ဖြတ်သန်းခဲ့တဲ့ ဒီရက်ပိုင်းတွေအတွက် ကိုယ့်ကိုယ်ကိုယ် ကြံကြံဖန်ဖန် ဂုဏ်ယူသလို ခံစားမိပါသေးတယ်။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
ဒီနေ့ကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့။ ကျွန်တော်အေအေအကျဉ်းသားဖြစ်ရတာ ၅၉ ရက်မြောက်။
၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံးရက်။
ကျွန်တော် တစ်ကိုယ်တည်း နှစ်သစ်ကိုကြိုမယ်ဆိုပြီး တိတ်တိတ်လေး ဆုံးဖြတ်လိုက်ပါတယ်။
ဒါကလည်း နှစ်သစ်ကိုကြိုတာက ဘာသာရေးနဲ့ သိပ်မသက်ဆိုင်တဲ့ ဂလိုဘယ်ယဉ်ကျေးမှုတစ်ခုလို့ပဲ ကျွန်တော် ခံယူထားပါတယ်။ ကြောင်စီစီနိုင်တယ်လို့ပဲပြောပြော နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်ခုကိုကူးပြောင်းတဲ့ အခိုက်အတန့်လေးမှာ ကိုယ့်အတွက် အမှတ်ရစရာ တစ်ခုတစ်ခုတော့ ကျန်နေကောင်းတယ်လို့ ခံယူပါတယ်။
ဒီ့ပြင်ကျွန်တော့်စဉ်းစားချက်ထဲမှာ အခုလိုနှစ်သစ်အခါသာမယဆိုရင် မိသားစုဝင်တွေအပါအဝင် အပေါင်းအသင်း မိတ်ဆွေတွေတော်တော်များများက သူတို့နည်းသူတို့ဟန်နဲ့ ကြိုဆိုနေကြပါလိမ့်မယ်။ ဒါကိုပဲ လိုချင်တာပါ။ သူတို့ သိသိမသိသိ ဒီနှစ်သစ်ကူးအခါသာမယမှာ တစ်နေရာရာမှာ ကျွန်တော်လည်းနှစ်သစ်ကို တိတ်တဆိတ်ကြိုနေပါတယ်ဆိုတဲ့ အခိုက်အတန့်လေးကို လိုချင်ခဲ့တာပါ။
ဗမာလူမျိုးတွေတောင်မှ သူတို့ရဲ့ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ရက် “သင်္ကြန်တ”ကနေ သင်္ကြန်ရေက စားပွဲတော်ဆိုတာ တစ်နိုင်ငံလုံးခြိမ့်ခြိမ့်သဲ လုပ်သေးတာပဲ။ ဒီတော့ တစ်ကိုယ်ရေနှစ်သစ်ကြိုဆိုပွဲကို လုပ်ကိုလုပ်မယ်ဆိုပြီး ခိုင်ခိုင်မာမာဆုံးဖြတ်ထားတာပါ။
အဲဒီလိုဆုံးဖြတ်ရတဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်။ ခေတ်အဆက်ဆက် အစိုးရတွေလုပ်သလိုမျိုး နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်လို လွတ်မြောက်ခွင့်များရလေမလားဆိုတဲ့ အချက်ပါ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ပုထုဇဉ်လူသားပီပီ အတွင်းအဇ္စျတ္တမှာဖြင့် အကျဉ်းကလွတ်မြောက်ချင်တဲ့ အာသီသက ကိန်းအောင်းနေသေးတယ် မဟုတ်လား။
ဒါကိုအကောင်အထည်ဖော်ဖို့ လုံခြုံရေးကင်းစောင့် ရဲဘော်ရွှေလှအောင်ကို အကျိုးအကြောင်းပြောပြီး ည ၁၂ နာရီ တိတိမှာ သတိပေးဖို့ ပြောထားလိုက်ပါတယ်။ သူကလည်း “စိတ်ချပါ…” တဲ့။
ညက တိတ်ဆိတ်နေပါတယ်။
တဲထဲမှာလဲလျောင်းနေရင်း အပြင်ဘက်က ဆောင်းညကောင်းကင်ကို အထင်းသားမြင်နေရပါတယ်။ ညကောင်းကင်က မြေပြင်ပေါ်က ရုန်းကန်လှုပ်ရှားမှုတွေ၊ ပဋိပက္ခတွေ၊ သွေးထွက်သံယိုမှုတွေ၊ အကူအညီမဲ့သူတွေရဲ့ အော်ဟစ်ငိုယိုသံတွေ၊ ဒုက္ခတွင်းထဲကပူပန်မှု…စတာတွေကို ဥပေက္ခာပြုထားပုံပါပဲ။ ပုံမှန်အတိုင်း လရောင်ဖျော့ဖျော့နဲ့ အတူ ကြယ်ကလေးတွေရဲ့ တလတ်လတ်အရောင်တွေနဲ့ ကြည်လင်ရှင်းသန့်နေပါတယ်။
အခြားအကျဉ်းကျရဲဘော်တွေ ဆောင်းအအေးဒဏ်အောက်မှာ အိပ်မောကျနေပါပြီ။ ကိုယ်တစ်ယောက်တည်းသာ ဟိုတွေးဒီတွေးနဲ့ အိပ်မပျော်။ အိပ်မပျော်ဆိုတာထက် မအိပ်မိအောင် တမင်နေတာပါ။ တဖြည်းဖြည်းညဉ့်နက် လာတော့ မှေးကနဲဖြစ်လာလို့ အိပ်ပျော်မသွားအောင် ထထိုင်လိုက်၊ ရေသောက်လိုက်နဲ့ လုပ်နေရပါသေးတယ်။
ခါတိုင်း ဒီလိုညမျိုးတွေဆို ဆူဆူညံညံနဲ့ အိပ်ငိုက်ချိန်တောင် မရ။ အပေါင်းအသင်းတွေနဲ့ တဟေးဟေး တဟား ဟား ဖြစ်နေမှာ။ ဆောင်းဘောက်က သီချင်းဖွင့်ရင်ဖွင့် မဟုတ်ရင် တစ်ယောက်ယောက်ရဲ့ ဂစ်တာလက်သံ။ ဒါမှမဟုတ် မိသားစုပျော်ပွဲစား။
လူတိုင်းက တစ်နှစ်အတွင်း ညပေါင်း ၃၆၅ ည ကြုံခွင့်ရခဲ့ကြပေမဲ့ ဒီလိုနှစ်သစ်ကူးညဆိုတာ ဒီတစ်ညပဲ ကြုံခွင့်ရကြတာလေ။ ဒီလိုညမျိုးမှာ ဘဝရဲ့ပြန်အမှတ်ရသင့်တဲ့အရာတွေထဲက အမှတ်တရတစ်ခုခု ကျန်ကောင်းသင့်ပါတယ်။
လူသားတွေဆိုတဲ့ သက်ရှိသတ္တဝါဆိုတာမျိုးကလည်း အချင်းချင်းကြား ကန့်သတ်မှုပေါင်းများစွာကိုဖန်တီးပြီး သီးခြားစီ နေကြတယ်မဟုတ်လား။ လူမျိုးနွယ်မတူဘူးဆိုတာတွေ၊ ဘာသာစကားမတူဘူးဆိုတာတွေ၊ ကျင့်သုံးတဲ့ ဓလေ့မတူဘူးဆိုတာတွေ၊ ကိုးကွယ်တဲ့ ဘာသာမတူဘူးဆိုတာတွေက ကန့်သတ်မှုအဖြစ် လူသားအချင်းချင်းကိုပဲ ပိုဝေးကွာစေတယ်မဟုတ်လား။
အဆိုးဆုံးက နိုင်ငံနယ်နိမိတ်ဆိုတဲ့ အကန့်အသတ်ပါပဲ။ နယ်နိမိတ်ကြောင့် စစ်မက်ဖြစ်ရတဲ့အထိ လူသားတွေရဲ့ ဆက်ဆံရေးဆိုးဝါးသွားနိုင်တယ် မဟုတ်လား။ ဒါပေမဲ့ ဒီနှစ်သစ်ကူးညမှာဖြင့် ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံ နယ်နိမိတ်တွေကိုကျော်လွန်ပြီး ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်လို့ရနေတာလေ။ ဒါပါပဲ။ ဒီအချက်တွေကြောင့်ပဲ ဒီနှစ်ရဲ့ နှစ်သစ်ကို တစ်ကိုယ်တည်းကြိုဆိုဖို့ ကျွန်တော့်ဘက်က အကြောင်းပြချက် လုံလောက်နေခဲ့ပါတယ်။
အနောက်ဘက် အာကာတောင်တန်းပေါ်မှာတော့ ကြယ်ကလေးတွေတောင် သိပ်မမြင်ရတော့။ တစ်ခါက ဒုက္ခ ပေးဖူးခဲ့တဲ့ ဓူဝံကြယ်ကိုတော့ မြင်နေရသေးတယ်။ အဲဒီတုန်းက ဓူဝံကြယ်ကြောင့် ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရတာ သတိရပြီး တစ်ယောက်တည်း ပြုံးမိပါသေးတယ်။ ဒါပဲ။ ရင်တုန်ပန်းတုန်ဖြစ်ရတဲ့ အချို့အခိုက်အတန့်တွေဆိုတာလည်း ကျော်လွန်သွားတဲ့တစ်ချိန်မှာဖြင့် ပြုံးချင်စရာ ရယ်ချင်စရာဖြစ်တတ်ပါတယ်။
တစ်အောင့်နေတော့ ကျွန်တော်စောင့်မျှော်နေတဲ့ အချိန်ရောက်လာပါပြီ။ အစောင့်ရဲဘော်ရွှေလှအောင်က ၁၂ နာရီ ထိုးပါပြီတဲ့။ ကျွန်တော် ဖြုန်းကနဲ ထထိုင်လိုက်ပါတယ်။
နှာခေါင်းထဲကို လေဝဝရှူသွင်းပြီး ဖြည်းဖြည်းလေးမှုတ်ထုတ်ရင်း…
“ဟတ်ပီးနယူးယား…”
“ဟတ်ပီးနယူးယား…”
“ဟတ်ပီးနယူးယား…”
သုံးကြိမ်အော်လိုက်ပါတယ်။ ရင်ထဲမှာတော့ ရင်ပွင့်မတတ် အကျယ်ကြီးအော်နေခဲ့တာပါ။ ဒါပေမဲ့ တကယ့်အပြင်ဘက်မှာဖြင့် ကင်းစောင့်ရဲဘော်ရွှေလှအောင် ကြားရုံလေးပဲပေါ့။ ကျွန်တော့်ရင်ထဲမှာလည်း “ဟတ်ပီးနယူးယား…” ဆိုတဲ့အသံက ပဲ့တင်ထပ်ကျန်နေခဲ့ပါတယ်။
ကျွန်တော့်ရဲ့ နှစ်သစ်ကြိုဆိုပွဲက စုစုပေါင်းပရိတ်သတ်တစ်ဦးနဲ့အတူ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ နိဂုံးသမ္ပတ် အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ အနှစ်နှစ်အလလက ရည်မှန်းထားတဲ့လုပ်ငန်းကြီးတစ်ခု ဒါမှမဟုတ် တာဆီးပိတ်ပင်မှုတွေနဲ့ အကြိမ်ကြိမ်အကောင်အထည်မဖော်ဖြစ်တဲ့ အစီအစဉ်တစ်ခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တဲ့ အောင်နိုင်သူတစ်ယောက်ရဲ့ ဝမ်းသာဂုဏ်ယူမှုမျိုးနဲ့ အကျေနပ်ကြီး ကျေနပ်နေခဲ့ပါတယ်။
နှစ်ဟောင်းကကြုံခဲ့ရတဲ့ မကောင်းတာတွေ၊ စိတ်အညစ်အကြေးတွေ နှစ်သစ်ဆီ မသယ်ဆောင်ချင်တော့ပါ။ ပျော်ရွှင်တဲ့ နှစ်သစ်နဲ့ကြုံတွေ့ချင်ပါတယ်။ အိမ်ကမိသားစုတွေအပါအဝင် ဆွေမျိုးသားချင်းတွေအားလုံး ကျန်းမာကြပါစေ။ သတ္တဝါအားလုံးလည်း ကျန်းမာပျော်ရွှင်တဲ့နှစ်သစ်နဲ့ ကြုံတွေ့ကြရပါစေ။ စိတ်ထဲကနေ တတွတ်တွတ် ရွက်ဆိုဖြစ်ခဲ့တဲ့ ကျွန်တော့်ဆုတောင်းတွေပါ။
နှစ်သစ်မှာ ကျွန်တော်လွတ်နိုင်လောက်တယ်လို့လည်း စိတ်ထဲမှာယုံကြည်နေမိပါတယ်။ အဲဒီ ယုံကြည်မှုနဲ့အတူ တဒင်္ဂစိတ်ကျေနပ်မှုနဲ့ နှစ်သစ်မှာပဲ အိမ်ရာဝင်ခဲ့ပါတယ်။
အပိုင်း (၁၈) ဆက်လက်ဖတ်ရှုနိုင်ပါရန်။
