GZA နှင့် YDF ရဲဘော်များ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ချင်းညီနောင်အဖွဲ့ ပူးပေါင်းဆောင်ရွက်သွားမည်
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း Generation Z Army(GZA) နှင့် Yaw Defense Force(YDF) ရဲဘော်များ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် GZA ၏ စစ်ဦးစီးချုပ်အပါအဝင် ဗဟိုးရုံးအဖွဲ့ဝင်တစ်ဦး၊ တပ်ရင်းမှူးတစ်ဦး၊ ဆေးသူနာပြုရဲမေ နှစ်ဦးနှင့် YDF ရဲဘော် နှစ်ဦးတို့သည် ဇူလိုင် ၁၅ ရက်နေ့တွင် တာဝန်ဖြင့်ခရီးသွားနေစဥ် လုပ်ကြံပစ်ခတ်ခြင်း ခံခဲ့ရခြင်းအပေါ် ချင်းညီနောင်အနေဖြင့် စိတ်မကောင်းစွာဖြင့် ကြားသိရကြောင်း ဆိုသည်။
လုပ်ကြံပစ်ခတ်ခံရမှုကြောင့် GZA ဗဟိုရုံးအဖွဲ့ဝင် တစ်ဦးသည် ဦးခေါင်း၊ ရင်ဘက်၊ လက်နှင့် ပေါင်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသလို GZA တပ်ရင်မှူးလည်း ပေါင်တွင် ကျည်ဆံထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ထုတ်ရမည့်အချိန်တွင် ယခုကဲ့သို့ စစ်ဦးစီးချုပ်အဆင့်နှင့် ခေါင်းဆောင်ပိုင်းများကို တော်လှန်ရေးတပ်တစ်ခု၏ ပစ်ခတ်လုပ်ကြံမှုသည် တော်လှန်ရေးကို အနှောက်ယှက် ဖြစ်စေပြီး ၎င်းလုပ်ကြံမှုတွင် ပါဝင်ပတ်သက်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့စည်းများကို ချင်းညီနှောင်အနေဖြင့် ပြင်းပြင်းထန်ထန် ရှုပ်ချထားသည်။
လုပ်ကြံပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးကို ချင်းညီနှောင်အနေဖြင့် မိမိတို့ အိမ်နီးချင်း မဟာမိတ်ဖြစ်သည့် Generation Z Army (GZA)နှင့် Yaw Defense Force (YDF) တို့နှင့်အတူ ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်က သဘောထား ထုတ်ပြန်ထားသည်။
ယောကာကွယ်ရေးတပ်ဖွဲ့ – YDF ကလည်း ယောဒေသအတွင်း ပဋိပက္ခကို မကြီးမားစေချင်သော်လည်း ယခုဖြစ်စဉ်တွင် အပြစ်ရှိသူများကို တရားဥပဒေဘောင်းအတွင်းမှ လိုအပ်သလို အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံထားရသော ဓါးစားခံများကို အချိန်မနှောင်းလင့်ဘဲ ကယ်ထုတ်ရန် လုပ်ဆောင်သွားမည်ဟု ဇူလိုင်လ ၁၇ ရက်နေ့တွင် ကြေညာထားသည်။
ပြစ်မှုကျူးလွန်သော အပြစ်သားများကို ခိုလှုံခွင့်ပေးခြင်း၊ ဓါးစာခံများကို ကယ်ဆယ်ရေးအား ဟန့်တားခြင်းများကို သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ပြုလုပ်နေသူများကို ကောင်းစွာမှတ်ထားသည်ဟု ယောကာကွယ်ရေးတပ်ဖွဲ့ – YDF က အသိပေးသည်။
လုပ်ကြံမှုသည် ဂန့်ဂေါခရိုင်တပ်ရင်း (၁၀)၊ တပ်ခွဲ (၇) စခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုပ်ကြံသူများသည် ဂန့်ဂေါခရိုင် တပ်ရင်း ယူနီးဖောင်းကို ဝတ်ဆင်ထားသူ ၂၃ ဦးခန့် ဖြစ်ကြောင်း၊ လုပ်ကြံမှုတွင် ဂန့်ဂေါခရိုင် တပ်ရင်း (၁၀)၊ တပ်ခွဲ (၇) ပါဝင်ခြင်း၊ YDF ၏ အချုပ်ထောင်မှ ထွက်ပြေးသည့် ပုန်ကန်သူများဖြစ်သော ကိုကောင်းကောင်း၊ ကိုယောလင်းနှင့် ကိုဆန်းကိုဦးနှင့် တပ်သားများ ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်တွင် YDF အကျဉ်ထောင်းမှ ရဲဘော်ကောင်းကောင်း၊ ရဲဘော်ကိုငယ်၊ ရဲဘော်သားငယ်၊ ရဲဘော်ဂျစ်တူး၊ ရဲဘော်သားကြီး(လယ်မ)တို့ကို တပ်ပိုင်လက်နက်ခဲယမ်းများ ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ခြင်း၊ တပ်ပိုင်ငွေကြေးဖြင့် ကိုယ်ကျိုးစီးပွားရှာခြင်း၊ သစ်မှောင်ခိုရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း၊ သင်တန်းရဲဘော်/ ရဲမေများကို ပြန်ပေးဆွဲခြင်း၊ သင်တန်းသားများကို ခြိမ်းခြောက်ခြင်း စသည့် ပြစ်မှုများကြောင့် ထောင်ဒဏ် ချမှတ်ခဲ့ပြီးနောက် ထောင်ဖောက်ထွက်ပြေးကာ လွတ်မြောက်နေကြောင်း သိရသည်။
သတင်း – James Roe
