မီဇိုရမ်ပြည်နယ်အတွင်းရှိ မတူပီနှင့် ပလက်ဝ စစ်ရှောင်စခန်း ပြည်သူ့ကျောင်းမှ ဆရာ၊ ဆရာမများကို YFM က နည်းပြဆရာဖြစ်သင်တန်း ကူညီပံ့ပိုးပေး
ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေသည့် မတူပီနှင့် ပလက်ဝမြို့နယ်မှ စစ်ရှောင်စခန်းရှိ ပြည်သူ့အခြေပြု ကျောင်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ၃၀ ဦးကို နည်းပြဆရာဖြစ် သင်တန်းအား Youth For Myanmar (YFM) မှ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မတူပီနှင့် ပလက်ဝမြို့နယ် စစ်ရှောင်ကျောင်းများတွင် သင်ကြားရေးနည်းစနစ်များ ပြန်လည်ဝေမျှနိုင်ရန် ရည်ရွယ်၍ နည်းပြဆရာဖြစ်သင်တန်းကို ဇူလိုင်လ ၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၁၃ ရက်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း YFM က ပြောသည်။
သင်တန်းကာလအတွင်း သင်ကြားရေးနည်းစနစ်များကို လာရောက်မျှဝေပေးကြသော ပညာရှင် ဆရာ၊ ဆရာမများနှင့် နောက်ကွယ်မှ ကူညီပံ့ပိုး ချိတ်ဆက်ပေးသည့်သူများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း YFM က ဖော်ပြထားသည်။
သင်တန်းသားရွေးချယ်မှုသာမက YFM ကိုယုံကြည်မှုဖြင့် လက်တွဲပူးပေါင်းပါဝင်ပေးကြသော မတူပီ ပညာရေးကောင်စီ၊ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့နှင့် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့တို့ကိုလည်း အထူးကျေးဇူးတင်ရှိပြီး ပညာရေးအတွက် အတူလက်တွဲ၍ ဆက်လက်ချီတက်သွားကြမည်ဟု YFM က ထုတ်ပြန်ထားသည်။
Youth For Myanmar ကို Mizoram, Aizawl သို့ရောက်ရှိလာကြသော လူငယ်များဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် စစ်ရှောင်ကလေးများအတွက် ကောင်းမွန်သောပညာရေးကို ရရှိနိုင်ရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အရွေ့တစ်ခုတွင် ပြည်ပရောက်လူငယ်များမှ တတ်အားသ၍ ပါ၀င်လှုပ်ဆောင်နိုင်ရန်၊ စစ်ဘေးကြောင့် ဒုက္ခအတိဖြင့်နေအိမ်စွန်ခွာ၍ နယ်စပ်သို့ရောက်ရှိလာကြသော စစ်ဘေးဒုက္ခသည်များကို တတ်နိုင်သ၍ ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe
