မီဇိုရမ်ပြည်နယ်၊ Dapchhuah ဒတ်ဆွာကျေးရွာ စစ်ရှောင်စခန်းတွင် မိုးသန်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့် စစ်ရှောင်ပြည်သူများ အရေးပေါ် အကူအညီလိုအပ်နေ
ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ်၊ Mamit မာမိခရိုင်၊ Dapchhuah ဒတ်ဆွာကျေးရွာ စစ်ရှောင်စခန်းတွင် မိုးသည်းထည်စွာ ရွာသွန်းခြင်းကြောင့် တောင်ကျချောင်းရေ တရှိန်ထိုး စီးဆင်းသဖြင့် လူနေအိမ် ၉ ခု၊ ဘုရားကျောင်း ၁ ခုနှင့် စာသင်ကျောင်း ၁ ခုစသည်တို့ကို ကျောက်စလစ်၊ သဲနှင့် အမှိုက်သရိုက်များ တင်ကျန်ရစ်ကာ ပျက်စီးမှုရှိကြောင်းနှင့် အရေးပေါ် အကူအညီလိုအပ်နေကြောင်းသဘာဝဘေးဒဏ်ကူညီရေးကော်မတီ တာဝန်ခံထံမှ သိရသည်။
ပလက်ဝနှင့် မတူပီမြို့နယ်မှ စစ်ရှောင်ပြည်သူများ နေထိုင်သည့် Dapchhuah ဒတ်ဆွာစစ်ရှောင်စခန်းတွင် ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် မိုးသည်ထန်စွာရွာသွန်းခြင်းကြောင့် တောင်ကျချောင်းရေမှာ တရှိန်ထိုး စီးဆင်းလာကာ ချောင်းရေနှင့်အတူ ကျောက်စလစ်၊ သဲနှင့် အမှိုက်သရိုက်များမျှောပါလာကာ တင်ကျန်ရစ်ခြင်းဖြစ်ပြီး လူနေအိမ် ၉ ခု၊ ဘုရားကျောင်း ၁၊ စာသင်ကျောင်း ၁ ခုနှင့် ရေပုံးများနှင့် ရေပိုက်များ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေခံစားနေကြရသည်။
“ရေဘေးသင့်ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေ၊ အသုံးအဆောင်တွေနဲ့ အိမ်ကို ပြည်လည်တည်ဆောက်ဖို့အတွက် ငွေကြေးလိုအပ်နေပါတယ်။ လူအထိအခိုက်တော့မရှိပေမယ့် စစ်ရှောင်တွေရဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ ရေပုံးနဲ့ ရေပိုက်တွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ အိမ်ကလည်း အားလုံးပြန်ဖျက်ပြီး အသစ်ပြန်ဆောက်ရတော့မှာ။ အမိုး၊ အကာအတွက်လိုအပ်နေပါတယ်။ ရေကျသွားပြီးတော့ အိမ်ထဲမှာ ကျောက်စလစ်၊ သဲနဲ့ အမှိုက်တွေပဲ တင်ကျန်တော့တာ။ အကူအညီလိုအပ်နေပါတယ်…” ဟု သဘာဝဘေးဒဏ်ကူညီရေးကော်မတီ တာဝန်ခံက ခူမီးမီဒီယာသို့ ပြောသည်။
ရေဘေးသင့် စစ်ရှောင်ပြည်သူများမှာ ၂၆ ဦး ရှိပြီး လက်ရှိတွင် မိမိတို့နီးစပ်ရာဆွေမျိုးများနှင့် အသိမိတ်ဆွေများ အိမ်တွင် ခေတ္တနေထိုင်ကြရပြီး အရေးပေါ် အခြေခံစားသောက်ကုန်များ၊ အသုံးအဆောင်၊ နေအိမ်ဆောက်လုပ်ရန်အတွက် အမိုးအကာများ ဝယ်ယူရန်နှင့် ရေပုံးနှင့် ရေပိုက်များဝယ်ယူရန် ငွေကြေး အကူညီများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။
စစ်ရှောင်ပြည်သူများသည် နေ့စားအလုပ်ဖြင့် အလုပ်လုပ်ကိုင်ကာ တစ်နေ့တာလုပ်ဆောင်ရသည့် ဝင်ငွေဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ မျှော်မှန်းမထားသည့် သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ဆုံးရှုံးရကာ ပြည်လည်ပြုပြင်တည်ဆောက်ရန်အတွက်နှင့် စားဝတ်နေရေးအတွက် အခက်အခဲဒုက္ခဖြင့် ကြုံတွေ့နေကြရကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် သစ်ဝါး၊ ရေပုံးများ၊ အခြေခံစားနပ်ရိက္ခာ၊ အသုံးအဆောင်များနှင့် ဆေးဝါးများကို ဆက်သွယ်လှူဒါန်းနိုင်ရန် ပြည်တွင်း/ပြည်ပအလှူရှင်များသည် +91 92336 76151( Salai Soe Than) ကို တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သတင်း – James Roe
ပုံ – ပေးပို့
ပုံစာ – မီဇိုရမ်ပြည်နယ်၊ Dapchhuah ဒတ်ဆွာကျေးရွာ စစ်ရှောင်စခန်းတွင် မိုးသန်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များ ကျောက်စလစ်၊ သဲနှင့် အမှိုက်သရိုက်များ တင်ကျန်ရစ်နေပုံ။
