
CDF-Kanpetlet ကျူးကျော်ဝင်ရောက်မှုအပေါ် ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်လာပါက ဒိုင်ရ်မျိုးနွယ်ထုံးစံအရ သားစဉ်မြေးဆက် ၉ ဆက်တိုင် တာဝန်ယူဖြေရှင်းရမည်
ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၅။
ဒိုင်ရ်ဒေသ (၁)၊ CDF-Daai တပ်ရင်း(၁) ထိန်းချုပ်နယ်မြေအတွင်းသို့ CDF-Kanpetlet က ကျူးကျော်ဝင်ရောက်မှုအပေါ် ပဋိပက္ခတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချင်းအက်ဥပဒေ(ချင်းထုံးစံ)၊ ဒိုင်ရ်မျိုးနွယ်စုများ ကျင့်သုံးခဲ့သည့် သားစဉ်မြေးဆက် ၉ ဆက်တိုင် တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်း ဒိုင်ရ်ဒေသ(၁) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၁၉ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
ချင်းပြည် ဒိုင်ရ်ဒေသ(၁)၊ CDF-Daai တပ်ရင်း-၁ ထိန်းချုပ်နယ်မြေအတွင်း CDF-Kanpetlet သည် ဇူလိုင် ၁၅ ရက်နေ့တွင် ဝင်ရောက်လာခြင်းကြောင့် ပြည်သူလူထုတစ်ရပ်လုံး အထိတ်တလန့်ဖြစ်စေသည့် အခြေအနေသို့ ရောက်ရှိနေကြကြောင်း ဒိုင်ရ်ဒေသ(၁) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ဒိုင်ရ်ဒေသ(၁) ပြည်သူလူထုတစ်ရပ်လုံး တည်ငြိမ်ရေးချမ်းရေးကို ရှေးရှုက၍ CDF-Kanpetlet အနေဖြင့် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခြင်းအား အမြန်ဆုံး ပြန်လည်ဆုတ်ခွာပေးရန် ပြန်သူလူထုတစ်ရပ်လုံးအနေဖြင့် ဒိုင်ရ်ဒေသ-၁ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဒိုင်ရ်ဒေသအတွင်း ဒိုင်ရ်ဒေသတစ်ခုလုံးပြန်လည်စုစည်းနိုင်ရေးအတွက် ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာ ခံကြီးကို ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒိုင်ရ်ဒေသ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော တော်လှန်ရေးကာလအတွင်း ဦးဆောင်မည့် ဒိုင်ရ်ဒေသန္တရကောင်စီ(DRC) ကို အောင်မြင်စွာဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
CDF-Kanpetlet မှလည်း ဇူလိုင် ၁၉ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ခဲ့ပြီး CDF-Kanpetlet တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးအရ ကန်ပက်လက်မြို့ နယ်အတွင်း သွားလာလှုပ်ရှားနေကြခြင်းသာဖြစ်ပြီး အခြားမည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေကိုမျှ ကျူးကျော်ဝင်ရောက်ခြင်းမရှိကြောင်း ဆိုသည်။
CDF-Kanepetlet သည် ကန်ပက်လက်မြို့နယ်ကို အပြည့်အဝကိုယ်စားပြုသော တပ်ဖွဲ့ဖြစ်၍ မြို့နယ်အတွင်းရှိ မည်သည့်နေရာကိုမဆို လိုအပ်သလို ဆက်လက်လှုပ်ရှားမည်ဖြစ်ကြောင်း၊ ကျူးကျော်ဝင်ရောက်မှုရှိလာပါက ၎င်းအဖွဲ့အစည်းမှ အပြည့်အဝ တာဝန်ယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း – James Roe
