လက်နက်ကိုင်ရခြင်းသည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီနှင့် အာဏာရှင်စနစ် အမြစ်ပျက် ခြေမှုန်းရေးကို ရည်ရွယ်ကြောင်း ZZLMS ထုတ်ပြန်
ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၅။
လက်နက်ကိုင်ရခြင်း၏ ရည်ရွယ်ချက်သည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီနှင့် အာဏာရှင်စနစ် အမြစ်ပျက် ခြေမှုန်းရေးတို့ဖြစ်သည်ဟု CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် Senthang Revolution Force (ZZLMS) တို့က ဇူလိုင် ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယခုတလောတွင် ချင်းပြည်(Chinland) အတွင်း ဖြစ်ပွားလျက်ရှိသည့် တချို့သောအမြင်မတူမှု၊ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခတို့နှင့်ပတ်သက်၍ ချင်းတော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းကြပြီး အဖိုးတန်လှသည့် ချင်းတော်လှန်ရေးရဲဘော်များ ဆုံးရှုံးမှုရှိသည့်အပြင် စစ်ဘေးဒဏ်ကြောင့် ပြည်သူများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသည်ကို စိတ်မကောင်းစွာ တွေ့ရှိရသည်။
အချင်းချင်းအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့် အပြန်အလှန်တိုက်ခိုက်ခြင်းသည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကို စိတ်ပျက်စေခြင်း၊ စိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်း စသည်တို့ကို ဦးတည်စေသည့် လုပ်ရပ်ဖြစ်သည်ဟု ZZLMS က ဆိုသည်။
ချင်းတော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားလျက်ရှိသည့် အမြင်မတူမှု၊ သဘောထားကွဲလွဲမှု၊ ပဋိပက္ခတို့နှင့်ပတ်သက်ပြီး အချင်းချင်းအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့် အပြန်အလှန် တိုက်ခိုက်ခြင်းအားဖြင့် မဟုတ်ဘဲ ချင်းဟူသည့် အမည်နာမအောက်တွင် ညီအစ်ကိုဖြစ်ခြင်းကို အခြေခံကာ နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲပေါ်တွင် အဖြေရှာကြပါရန် ZZLMS တို့က တိုက်တွန်းထားသည်။
ZZLMS အဖွဲ့သည် ချင်းပြည်အလယ်ပိုင်းတွင် အခြေစိုက်ပြီး ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို တော်လှန်ရာတွင် မိမိတို့ဒေသအပြင် တခြားသော နေရာများတွင်လည်း လိုအပ်သည့်အလျောက် ပါဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း – James Roe
