MDF နှင့် AA တပ်ဖွဲ့တို့က ကျေးရွာကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်တစ်ဦးတို့အား ဖမ်းဆီးချုပ်နှောင်ထားသည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် IMC ထုတ်ပြန်
ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၅။
MDF နှင့် AA တပ်ဖွဲ့တို့သည် မရာဒေသ ဆော်မှိန်တိုက်နယ် ဖါရ်တလန်ကျေးရွာကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်တစ်ဦး တို့ကို CDF-Mara ထောက်ခံအားပေးသည်ဟုဆိုကာ ဖမ်းဆီးချုပ်နှောင်ထားပြီး ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ကြားကာလမရာနယ်ကောင်စီ-IMC က ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖါရ်တလန်ကျေးရွာကောင်စီဥက္ကဌ ဦးလိုင်ဟူးနှင့် ကောင်စီအဖွဲ့ဝင် ဦးမာန်ဒို တို့နှစ်ဦးကို ဇူလိုင် ၁၇ ရက်နေ့တွင် MDF နှင့် AA တပ်ဖွဲ့တို့က နေအိမ်တွင်ဖမ်းဆီးခဲ့ပြီး လိုင်လင်းပီမြို့ အချုပ်ခန်းသို့ ခေါ်ဆောင်ကာ ချုပ်နှောင်ထားပြီး လက်ထိပ်ခတ်၍ ရိုက်နှက်ထိုးကြိတ်မှုလည်း ပြုလုပ်ခဲ့သောကြောင့် ဒဏ်ရာများရရှိထားကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း IMC က ပြောသည်။
MDF/AA တပ်ဖွဲ့များက အပြစ်မဲ့ပြည်သူများအပေါ် အကြောင်းမဲ့အကြောင်းရှာပြီး ရိုက်နှက်ခြင်း၊ ဒုက္ခပေးခြင်း၊ စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်းများကို ရပ်တန့်ကရပ်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၂ ဦး ကိုလည်း ချွင်းချက်မရှိ အမြန်ဆုံးပြန် လွှတ်ပေးရန်နှင့် နောက်နောင်တွင် အပြစ်မဲ့ မရာပြည်သူများအပေါ် အကြမ်းဖက် လုပ်ရပ်မျိုး ထပ်မံမပြုလုပ်ရန် IMC က အသိပေး တောင်းဆိုထားသည်။
MDF နဲ့ AA တပ်ဖွဲ့တို့သည် CDF-Mara ဌာနချုပ်ကို သိမ်းပိုက်ရန်နှင့် CDF-Mara ကို သုတ်သင်ရှင်းလင်းရန် ဇူလိုင် ၉ ရက်နေ့တွင် စတင်စစ်ကြောင်းထိုးလာကြောင်း IMC က ဆိုသည်။
လာအို(က)ကျေးရွာမှာ ကျေးရွာကောင်စီအဖွဲ့ဝင် ဦးခိုင်သူ(Biepha Paw) သည် ဇူလိုင် ၉ ရက်နေ့တွင် တောထဲ နွားရှာဖွေနေစဉ် MDF/AA တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ထိုးကြိတ်ကာ တောထဲတွင် တစ်ညအိပ်ခိုင်းပြီး နောက်နေ့ မနက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း IMC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း – James Roe
