ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သူနာပြုသင်တန်းကျောင်းအတွက် သင်ကြားရေးဝန်ထမ်း ၃ ဦး အမြန်ဆုံး ခေါ်ယူနေ
ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၅။
ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သူနာပြုသင်တန်းကျောင်းတွင် သင်ကြားပေးမည့် သင်ကြားရေးဝန်ထမ်း ၃ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်၍ အမြန်ဆုံး ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
သူနာပြုသင်တန်းကျောင်းအတွက် ခေါ်ယူနေသည့် သင်ကြားရေးဝန်ထမ်းလျှောက်ထားလိုသူများ အနေဖြင့် လိုအပ်သောအရည်အချင်းများမှာ Diploma သို့မဟုတ် Bachelor ဘွဲ့ရ သူနာပြု၊ သူနာပြုလက်မှတ်ရှိသူ၊ အနည်းဆုံး ၂ နှစ်တာ ဆေးဘက်အတွေ့အကြုံ သို့မဟုတ် သင်ကြားရေးအတွေ့အကြုံရှိသောသူဖြစ်ရမည်။
ထို့အပြင် ပဋိပက္ခဒေသများတွင် အလုပ်လုပ်ဖူးခြင်း ရှိသူ၊ လူထုကျန်းမာရေးနှင့် ပညာရေးအပေါ် စိတ်အားထက်သန်သူ၊ အုပ်စုနှင့် အလုပ်လုပ်ရသည့်လုပ်ငန်းခွင်တွင် ဆက်ဆံရေးနှင့် အဖွဲ့လိုက်လုပ်ကိုင်နိုင်စွမ်းရှိသူ၊ ကွန်ပြူတာနှင့် နည်းပညာပိုင်းတွင် ကျွမ်းကျင်သူ စသည်တို့ ဖြစ်သည်။
သင်ကြားရေးဝန်ထမ်းများ၏ တာဝန်များမှာ သင်တန်းအတွင်း သီအိုရီနှင့် လက်တွေ့သင်ကြားမှုများ ပြုလုပ်ခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး ပစ္စည်းများ တည်ဆောက်ခြင်း၊ သင်တန်းသားများကို လေ့ကျင့်ပေးခြင်းနှင့် ကြီးကြပ်ခြင်း၊ ကျောင်းအုပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စာမေးပွဲများ၊ ဆန်းစစ်မှုများ ပြုလုပ်ခြင်း၊ သင်ကြားရေးအတွက် လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးခြင်း၊ ဆေးရုံများတွင် လိုအပ်သလို ပါဝင်ကူညီ ဆောင်ရွက်ပေးရမည် ဖြစ်သည်။
လျှောက်ထားလိုသူများသည် ကိုယ်ရေးအကျဉ်း(CV)၊ အလုပ်အပေါ်စိတ်ဝင်စားသည့်မိတ်ဆက်စာ၊ သူနာပြုလက်မှတ် မိတ္တူနှင့် ဆက်သွယ်ရမည့် ယခင်အလုပ်ရှင်၏ စာ ၂ စောင်တို့ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့၊ ညနေ ၄း၀၀ နာရီ နောက်ဆုံးထား၍ [email protected] နှင့် [email protected] သို့ ပေးပို့ရမည် ဖြစ်သည်။
ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်မည်ဖြစ်ကြောင်းနှင့် တာဝန်ထမ်းဆောင်ရန် ကာလမှာ ၁ နှစ်စာ စာချုပ်(လိုအပ်လျှင်တိုးချဲ့နိုင်သည်) ချုပ်ဆိုရမည်ဖြစ်ကြောင်း ဆိုသည်။
ချင်းပြည်နယ်တွင် ဆေးဘက်ပညာရှင်များလိုအပ်နေခြင်းအပေါ် တုံ့ပြန်နိုင်ရန်အတွက် ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူနာပြုသင်တန်းကျောင်းကို တည်ထောင်ထားပြီး ယခုအချိန်တွင် သင်တန်းသားများကို သင်ကြားပေးနိုင်သည့် အတွေ့အကြုံရှိသော သူနာပြု ၃ ဦးကို ခန့်အပ်ရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။
သတင်း – James Roe
