၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁- ၂- ၃ ရက်။
၂၀၂၀ ဇန်နဝါရီ ၁ ရက်။ နှစ်သစ်၊ နေ့သစ်ရောက်ပါပြီ။
မနေ့ညက အိပ်ရေးပျက်ထားတယ်ဆိုတော့ မနက်နိုးနိုးချင်း လန်းလန်းဆန်းဆန်း ရှိမနေပါဘူး။ သွားတိုက်တယ်။ မျက်နှာသစ်တယ်။ ဘေးဘီကို ဝေ့ကြည့်ကြည့်တယ်။ နှစ်သစ်၊ နေ့သစ်ဆိုပေမဲ့ ထူးထူးခြားခြားသစ်လွင်တောက်ပ နေတာမျိုးတော့မဟုတ်။
ခါတိုင်းမြင်နေကျ ဆောင်းမနက်ခင်းမြင်ကွင်းက ဘယ်လိုမှ ထူးခြားပြောင်းလဲသွားတာမျိုးမရှိ။
ခါတိုင်းတိုက်နေကျ ဆောင်းလေ။
ခါတိုင်းမြင်နေကျ ဆောင်းမြူတွေ။
ခါတိုင်းလိုပဲ အေအေရဲဘော်တွေလည်း သွားလိုက်လာလိုက်နဲ့။
တစ်ယောက်နဲ့တစ်ယောက် “ဟတ်ပီး နယူးယားပါ…”လို့ နှုတ်ဆက်သူ တစ်ယောက်မှ မရှိ။
ကျွန်တော်ကသာ တိတ်တဆိတ်မျှော်လင့်နေတဲ့ မျှော်လင့်ချက်သတင်းထူးများ ကြားရလေမလား တိတ်တိတ်ကလေး နားစွင့်နေမိသူ။ ကျွန်တော့်ကို အေအေရဲဘော်တွေ တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်ကြတယ်။ ဒါပေမဲ့ ကျွန်တော်မျှော်လင့်တဲ့ အဖြေကပေါ်မလာပါ။
“ကျေးဇူးပြုပြီး ကျွန်တော့်တိတ်တဆိတ်မျှော်လင့်ချက်ကိုတော့ မှေးမှိန်အောင် မလုပ်ကြပါနဲ့။ ဒီတစ်ခုပဲ တောင်းဆိုချင်တာပါ…” စိတ်ထဲကနေ ဟော်ဟစ်နေမိပါတယ်။
ဒါပေမဲ့ အကြီးကြီးမျှော်လင့်ထားတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ဆောင်းလေနဲ့အတူ၊ ဆောင်းမြူတွေနဲ့အတူ။ ကျွန်တော်သိလိုက်ပါပြီ။ သဘာဝချင်းမတူတဲ့ အသိုက်အဝန်းဆီကနေ ဘာပျော်ရွှင်မှုတွေ မျှော်လင့်နေအုံးမှာလဲ။ ဘာယုံကြည်မှုတွေ မျှော်လင့်နေအုံးမှာလဲ။ ဒါပေမဲ့ ကိစ္စမရှိ။ ၁ ရက်နေ့မဟုတ်လည်း ၂ ရက်နေ့၊ ၃ ရက်နေ့ ဆိုတာတွေ ရှိသေးတာပဲ။ ဒီလိုပဲ ရသေ့စိတ်ဖြေပေါ့။
ကျွန်တော့်အတွက်က ဒီရက်ပိုင်းတွေမှာ နှစ်သစ်ကူးရောက်ပြီ ဆိုတာကလွဲရင် ဘာမှမသိတဲ့ ရက်တွေပေါ့။ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်နဲ့။ တစ်ခါတစ်ခါလက်လျှော့လိုက်၊ တစ်ခါတစ်ခါပြန်တင်းလိုက်နဲ့ ကိုယ့်စိတ်နဲ့ကိုယ် တစ်ယောက်တည်း လွန်ဆွဲနေပါတယ်။
တစ်ဘက်က ကြည့်တော့လည်း “ကျွန်တော့်ကို လွှတ်လိုက်ပါပြီ…” ဆိုတဲ့ သတင်းစကားထက် ကျန်နေခဲ့တဲ့ မိသားစုဝင်တွေ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့ သတင်းက ပိုအရေးကြီးတာပဲ။ ကိုယ်ချစ်ခင်မြတ်နိုးရသူတွေ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့ သတင်းထက် ပိုဝမ်းသာစရာကောင်းတဲ့သတင်း ရှိပါအုံးမလား။
ဒါပေမဲ့ စိတ်ထဲ မရိုးမရွဖြစ်နေတာကိုတော့ ဘယ်လိုမှထိန်းမရ။ အေအေရဲဘော်တွေ၊ အရာရှိတွေကိုလည်း မကြာခင်တိုက်ခတ်တော့မယ့် မုန်တိုင်းမတိုင်ခင် ငြိမ်နေတဲ့အငြိမ်မျိုးနဲ့ ငြိမ်နေကြတယ်လို့ သံသယဝင်မိပါသေး တယ်။
တစ်ခါတစ်ခါ ကိုယ်မမျှော်လင့်တာတွေ ဖြစ်တတ်တာပါပဲ။ ကျွန်တော်လည်း တကယ်တော့ မာနရှိပါတယ်။ အေအေက ထိန်းသိမ်းရတဲ့အကြောင်းမယ်မယ်ရရမရှိတဲ့သူကို ဒီလိုရက်ထူးရက်မြတ်မှာတောင် မလွှတ်ပေးဘူးဆိုတာက ကျွန်တော့်အတွက်လည်း တော်တော်ခံရခက်ပါတယ်။ တစ်နည်းပြောရရင် ကျွန်တော့်မရှိမာနကို ထိခိုက်တယ် ဆိုပါတော့။
ဇန်နဝါရီ ၃ ရက်နေ့မှာတော့ ဦးတောင်ပန်း ပြန်ရောက်လာပါတယ်။ ကျွန်တော့်ရင်ထဲကအပူနဲ့ သူ့အပူကတော့ တခြားစီပါပဲ။ ရောက်ရောက်ချင်း “ကွမ်းသီးမရှိလို့ ကွမ်းမစားရတာ နှစ်ရက်လောက်ရှိနေပြီ…” ဆိုတာပဲ တဖွဖွပြော နေပါတယ်။ ကျွန်တော်သူ့ကိုကြည့်ပြီး အတော်လေးစိတ်တိုသွားပါတယ်။ ဘာမှတော့ မပြောဖြစ်ခဲ့။
သူဆိုတာကလည်း တော်တော်နဲ့လက်မလျှော့။ အနီးနားက အေအေရဲဘော်တွေဆီ ကွမ်းသီးရှိလားလို့ လိုက်မေးနေတော့တာ။ နောက်တော့ အရင်ကတည်းက သူနဲ့ရင်းနှီးတဲ့ တပ်ကြပ်အောင်မင်းချေဆီက ကွမ်းသီးရသွားလို့ ပျော်နေရှာပါတယ်။
ဒုက္ခအကြီးကြီးထဲမှာ ဒုက္ခသေးသေးလေးက ပိုဒုက္ခပါလားဆိုပြီး နားလည်ပေးလိုက်ပါတယ်။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်။
ဒီနေ့က ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာတဲ့နေ့။ ထူးထူးခြားခြား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ၊ ၂၀ မိနစ်တဲ့။ ကြားဖူးတာက ဗေဒင်ပညာရှင်ကြီးတွေကို စုရုံးစေပြီး နိုင်ငံတော်ရဲ့ အနာဂတ်ကို ဇာတာတွေဖွဲ့ သေသေချာချာတွက်ချက်ပြီး ဗဟိုအာဏာကိုဆန့်ကျင်တဲ့ သူပုန်သူကန်တွေ ဘယ်တော့မှအနိုင်မရနိုင်တဲ့ မင်္ဂလာအခါတော်အဖြစ် ရွေးချယ်ခဲ့ကြတဲ့ အချိန်ဆိုပဲ။
ဒါပေမဲ့ လွတ်လပ်ခြင်းအရသာကိုတော့ တစ်နိုင်ငံလုံး ဘယ်သူမှ မခံစားရ။ ပြည်သူတွေမပြောနဲ့ ခေတ်အဆက်ဆက် ပြည်ထောင်စုအစိုးရ ကိုယ်တိုင်လည်း အေးအေးချမ်းချမ်း မနေကြရ။ သူပုန်သကန်အရေး ပူပင်ရတာနဲ့ ဆန့်ကျင်အုပ်စုတွေရဲ့ ရန်ကိုကြောက်ရတာနဲ့၊ ကျောင်းသားတွေရဲ့ ဆူပူမှုကိုရှင်းနေရတာနဲ့ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျရတာနဲ့ တိုင်းပြည်က ကနေ့အထိ သွေးချောင်းစီးလို့မဆုံး။
ကျွန်တော်တို့လို နယ်စွန်နယ်ဖျားက လူတွေဆို ပြောဖွယ်မရှိပြီ။ သူပုန်လာလည်းကြောက်ရ၊ အစိုးရတပ်တွေ လာလည်း ကြောက်ရပေါ့။ သူပုန်ပြောတော့ အစိုးရသတင်းပေး၊ အစိုးရတပ်ကပြောတော့ သူပုန်အမာခံ။ ဘယ်နေရာမှာမှ လွတ်လမ်းမရှိ။
အခုလည်း မဲဆန္ဒရှင်ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့၊ မြန်မာ့ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုလို့ပြောလို့ရတဲ့ သူက သူပုန်အကျဉ်းသား။
ပြီးတော့ ပြောရင်ပြောသလောက် ကြီးကျယ်ခွင့်ရှိတဲ့သူ။ ဒါပေမဲ့ ကိစ္စမရှိ။ အထူးသဖြင့် ဒီနိုင်ငံမှာက လူသားဂုဏ်သိက္ခာဆိုတာကို ခေတ်အဆက်ဆက်က အလွှာအသီးသီးက တန်ဖိုးမထားခဲ့လေတော့ အဖွဲ့အစည်းအသီးသီးရဲ့ တန်ဖိုးထားမှုမှာ လူထုဆန္ဒတွေ၊ ဒီမိုကရေစီစံနှုန်းတွေ၊ ပြည်သူကိုမျက်နှာမူရမယ်ဆိုတာတွေက ကျောင်းစာမေးပွဲမှာ အမှတ်ရအောင်ဖြေဆိုရမယ့် ဝေါဟာရတွေထက် မပို။
အဲဒီဖော်မြူလာတွေအတိုင်း တွက်ချက်ကြည့်လိုက်တဲ့အခါ ထွက်လာတဲ့အဖြေက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံရဲ့ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဦးဝှေ့တင်းဆိုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူပုန်အကျဉ်းသားဘဝ ၆၃ ရက်မြောက်ပြီဆိုတဲ့ အဖြေထွက်လာခဲ့တယ်ပေါ့။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်။
ဒီနေ့တော့ နိုးနိုးချင်းမှာပဲ အေအေရဲဘော်တစ်ယောက်က ရွှေဖီဦးကော်ဖီထုပ်အကြီးတစ်ထုပ်ရယ်၊ ငါးစည်သွပ်ဘူး ခွန်နစ်ဘူးရယ်၊ ကိတ်ခြောက်နဲ့ ကိတ်မုန့်စိုတစ်ထုပ်စီရယ် လာပေးပါတယ်။ တပ်ရင်းရုံးကလာပေးခိုင်းတာပါတဲ့။ ကျွန်တော်က ရွှေဖီဦးကော်ဖီမကြိုက်လို့ အေအေရဲဘော်တွေကို ဝေပေးခဲ့ပါတယ်။ အချို့ကျတော့လည်း ကျွန်တော်ကြိုက်တဲ့ Rish Crème Coffee Mix နဲ့ လာလဲကြပါတယ်။
ညနေထမင်းစားခါနီး ငါးစည်သွပ်ဘူးတွေဖောက်ပြီး ပြန်နွေးမယ်လုပ်တော့ အမဲသားစည်သွပ်ဘူးတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ကိုယ့်အတွက် ပိုအဆင်ပြေသွားတာပေါ့။ နောက်ပြီး အေအေတပ်ဖွဲ့တွေရဲ့ ရိက္ခာရနိုင်စွမ်းကိုလည်း အထင်ကြီးမိတာအမှန်ပဲ။ အဲဒါတွေက ကျောက်တော်-ပလက်ဝကြား လိုင်းစက်လှေတွေကိုစစ်ဆေးရင်း အစိုးရတပ်ရဲ့ ပစ္စည်းတွေမို့လို့ သိမ်းဆည်းလိုက်တာပါတဲ့။
ကျွန်တော့်ရဲ့ နှစ်သစ်ကူးမျှော်လင့်ချက်ကိုလည်း တိတ်တဆိတ်မျှော်လင့်ရင်းက တိတ်တဆိတ်ပဲ စွန့်လွှတ်လိုက်ပါပြီ။ ဒီလိုပဲ ကံစီမံရာဆိုတဲ့ ခါးသီးအမှန်တရားကို လက်ခံနိုင်အောင် ကြိုးစားရတာမျိုးပေါ့။ ဘာပဲပြောပြော အရင်ကထက် လွတ်လွတ်လပ်လပ်နေခွင့်ရနေပြီ ဖြစ်ပါတယ်။
တစ်ခါတစ်ခါပျင်းပျင်းရှိရင် အေအေရဲဘော်တွေ နားနေဆောင်သွားပြီး ရင်းနှီးတဲ့သူတွေနဲ့ စကားတွေပြောနေ တတ်ပါတယ်။ အဲဒီမှာ “အရှည်ကြီး”လို့ ခေါ်တဲ့ ရဲဘော်တစ်ယောက်နဲ့ အတော်ရင်းနှီးပါခဲ့တယ်။ သူကတော့ ထိုင်းမှာအလုပ်လုပ်နေရင်းကနေ အမျိုးသားရေးစိတ်ဓာတ်နဲ့ အေအေထဲရောက်လာတာလို့ ပြောပါတယ်။ သူနဲ့ ရောက်တတ်ရာရာပြောရင်းက ကျယ်ပြန့်လာတဲ့ ရခိုင်တွေရဲ့တော်လှန်ရေးစိတ်ဓာတ်တွေကို လှမ်းမြင်နေရသလို သူတို့ရဲ့ အားကောင်းတဲ့ ကွန်ရက်ချိတ်ဆက်မှုတွေကို မှန်းဆမိခဲ့ပါတယ်။
ဆောင်းရာသီဆိုတော့ သိတဲ့အတိုင်း။ နေရောင်အနွေးရှိနေသရွေ့ နေပူစာလှုံရင်း ဟိုဝင်ဒီထွက် စကားတွေပြောရင်း၊ ဟိုဒီလမ်းလျှောက်ရင်းနဲ့ ကိုယ့်စိတ်ကိုယ်ဖြေရင်းပေါ့။ ဒါကလည်း ကျွန်တော့်အတွက် အချိန်ကုန်လွယ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်တယ် မဟုတ်လား။
မြင်နေရတဲ့ မြင်ကွင်းတွေကလည်း ကိုယ့်ရဲ့ဇာတိရွာမြင်ကွင်းတွေနဲ့ တစ်ထေရာတည်းနီးပါး တူနေတာ။ တူမှာပေါ့ ဒီတောဒီတောင် ဒီမြစ်တကြောမှာ နေထိုင်စားသောက်ကြတဲ့ သူတွေချည်းပဲကိုး။
ကျွန်တော်နေတဲ့ နေရာကနေ အရှေ့ဘက်ကိုလှမ်းကြည့်ရင် အောက်နားကအောင်သာယာရွာရဲ့ ရိတ်သိမ်းပြီးစ စိုက်ခင်းတွေနဲ့ အသစ်ပြန်လုပ်မယ့်ယာခင်းတွေကို လှမ်းမြင်နေရတယ်။ ကျွန်တော်ကိုယ်တိုင် လုပ်ခဲ့ဖူးတဲ့လုပ်ငန်းတွေဆိုတော့ သိနေတာပါ။
ယာခင်းတွေမှာ ခုတ်ထားတဲ့ကိုင်းပင်တွေ မီးရှို့ရာကမီးခိုးတလူလူထွက်နေတာ လှမ်းမြင်နေရပါတယ်။ ဒီမြင်ကွင်း က ကျွန်တော်တပ်မက်ခဲ့ဖူးတဲ့ မြင်ကွင်းများစွာထဲက တစ်ခုဖြစ်ပါတယ်။ ဒီမြင်ကွင်းက ကျွန်တော့်ကို ပျော်ရွှင်မှုတွေ၊ လုံခြုံနွေးထွေးမှုတွေ၊ အလွမ်းဖြေစိတ်တွေ၊ နုတ်ဆက်ခွဲခွာရမှုတွေကို ခံစားစေတဲ့ မြင်ကွင်းတစ်ခုပေါ့။
ဆောင်းဝင်စ အောက်တိုဘာကျောင်းပိတ်ရက် ရွာပြန်တော့ စက်လှေပေါ်ကနေ နှစ်တိုင်းမြင်ရတဲ့ ကုလားတန် မြစ်တကြောက ကျွန်တော်အကြည့်ချင်ဆုံး မြင်ကွင်းတွေပေါ့။ ကုလားတန်မြစ်ရေက မိုးသားရောင်နဲ့ကြည်လင် ရှင်းသန့်နေပါလိမ့်မယ်။ တစ်ချို့နေရာတွေဆို ကမ်းနှစ်ဘက်သစ်ရိပ်တွေနဲ့ စိမ်းဖန့်ဖန့်အရောင်းသန်းနေပါလိမ့်မယ်။
မြစ်ကမ်းနှစ်ဘက်က ကိုင်းပင်တွေရှင်းခါစ ကိုင်းခင်းတွေဆီက မီးခိုးတလူလူက ဆောင်းမြူတွေနဲ့ ရောထွေးနေတဲ့ မြင်ကွင်းနဲ့အတူ မီးခိုးရနံ့ကိုလည်း ရှုရှိုက်မိပါလိမ့်မယ်။ ဒါပဲဖြစ်ပါတယ်။ ကုလားတန်မြစ်တစ်လျှောက်မြင်ရတဲ့ မြင်ကွင်းများစွာထဲက ကျွန်တော့်အတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံး မြင်ကွင်းဖြစ်ပါတယ်။
အဲဒီမြင်ကွင်းတွေနဲ့အတူ မကြာခင် မိသားစုဝင်တွေနဲ့ တွေ့ရတော့မယ်ဆိုတဲ့ လုံခြုံနွေးထွေးမှုခံစားရတဲ့စိတ်တွေ၊ ကျောင်းဆက်မနေတော့ဘဲ ရွာမှာကျန်ရစ်ခဲ့တဲ့ ငယ်ပေါင်းတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုတဲ့ အပျော်စိတ်တွေ၊ ပြီးတော့ ရွာကိုလွမ်းရတဲ့အခိုက်အတန့်တွေကို ဖြေဖျောက်နိုင်တဲ့ အလွမ်းဖြေစိတ်တွေ အစီအရီခံစားရင်းပေါ့။
ဒီလိုပဲ ရွာကနေကျောင်းဖွင့်ရက်ပြန်လာတဲ့ အပြန်လမ်းတစ်လျှောက်မှာလည်း ဒီမြင်ကွင်းတွေကိုပဲ ပြန်ကြည့်လာ ရင်းနဲ့ အိမ်ကိုခွဲခွာခဲ့ရတဲ့ ခံစားချက်တွေကို တမြေ့မြေ့ခံစားနေရအုံးမှာပါ။ ဘဝတစ်လျှောက်လုံး ကျွန်တော့်မျက်လုံးအိမ်ထဲ ဓာတ်ပုံရိုက်ထားသလို ထင်ကျန်ရစ်နေတဲ့ မြင်ကွင်းတွေပေါ့။
အဲဒီမြင်ကွင်းကို နှစ်တိုင်းမြင်နေကျဖြစ်ပေမဲ့ မြင်ရတိုင်းလည်း မပြောင်းလဲတဲ့ ခံစားချက်ကို ပေးနိုင်စွမ်းတဲ့ မြင်ကွင်းပါပဲ။ အခုနေ စိတ်ကူးနဲ့မြင်ယောင်ကြည့်လည်း အဲဒီခံစားချက်အငွေ့အသက်တွေကို ခံစားရနေတုန်းပါပဲ။
ကျွန်တော်တို့ဆီမှာဆိုရင် ဒီမြင်ကွင်းကို အောက်တိုဘာ၊ နိုဝင်ဘာကတည်းကမြင်ရတဲ့ မြင်ကွင်းတွေပေါ့။ ဒါပေမဲ့ ကျွန်တော်ကပဲ သတိထားမိတာနောက်ကျတာလား ဒါမှမဟုတ် ဒေသအလိုက်၊ ရာသီအလိုက် စိုက်ပျိုးသီးနှံအမျိုးအစားနဲ့ စိုက်ချိန်ပျိုးချိန် မတူတာများလားဆိုတာ အဲဒီတုန်းက မစဉ်းစားဖြစ်ခဲ့ပါဘူး။
အဲဒီတုန်းက မှတ်မှတ်ရရသိနေတာက မီးဝရွာအောက်နားကစေတီကို အဝေးကလှမ်းဖူးရတာပါပဲ။ အဲဒီအခိုက်အတန့်လေးမှာ စိတ်ရဲ့ညံ့နူးမှုကို သတိပြုမိရင်း ကိုယ့်ကိုယ်ကိုယ်လည်း ငါ့သဏ္ဍန်မှာ ဒေါသစိတ်ဖြစ်နေလား၊ မုန်း စိတ်တွေများဖြစ်နေလားဆိုပြီး မေးဖြစ်ပါသေးတယ်။
ဟုတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးဖို့ သတိပြုမိတဲ့ အချိန်ဆိုတာလည်း ဘာမှမယ်မယ်ရရ လုပ်စရာမရှိတဲ့အချိန်၊ ဘာသာတရားရဲ့အမှတ်သင်္ကေတတစ်ခုခုကို အမှတ်မထင် ဖူးတွေ့ရတဲ့ အချိန်တွေမှပဲ ဖြစ်နိုင်တာမျိုး မဟုတ်လား။ တခြားအချိန်တွေဆို ကိုယ်ကလည်း ကိုယ့်မာနလေးနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း ငါကဘာကောင်ပဲ၊ ညာကောင်ပဲနဲ့၊ ကိုယ့်အပေါ် ပခုံးချင်းယှဉ်လာပြီထင်ရင်လည်း စကားအကြီးကြီးတွေသုံးပြီး ငြင်းရပြုရတာနဲ့ အားမှမအားပဲကိုး။ အခုကျတော့ ပစ္စုပ္ပန်တည့်တည့်ကိုကြည့် ဘာမှမရှိ၊ ဘာလားညာလားလည်းမရှိ။
တစ်ခုတော့ရှိတယ် ပြောရမယ်။ စိတ်ငြိမ်းချမ်းတဲ့ အခိုက်အတန့်လေးရဲ့ အရာသာကိုတော့ သိမ်စိမ်မွေ့မွေ့ ခံစားရ တာကိုတော့ သတိပြုမိခဲ့ပါတယ်။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်။
ဒီနေ့တော့ အေအေရဲဘော်တွေ စခန်းထဲ လှုပ်လှုပ်ရွရွနဲ့ သွားလာနေကြတာ မနက်ခပ်စောစောကတည်းက တွေ့နေရပါတယ်။ အမိန့်ပေးသံ၊ ပစ္စည်းရွှေ့သံ၊ အချင်းချင်းသတိပေးသံတွေ ဆောင်းမနက်ခင်း ဝိုးတဝါးမြူတွေကြား အသက်ဝင်လှုပ်ရှားနေတာပါ။
တပ်အပြောင်းအရွှေ့ လုပ်နေကြတာလို့ အကျဉ်းကျရဲဘော်တစ်ဦးက ပြောပါတယ်။ ဆောင်းမနက်ခင်းဖြစ်ပေမဲ့ ရဲဘော်တွေရဲ့ နဖူးမှာ ချွေးသီးစို့နေ ကြပါတယ်။ အခုတပ်ပြောင်းရတာက တပ်ရင်းမှုး ဗိုလ်ကြီးတာကောရဲ့ တပ်လို့လည်း သိရပါတယ်။
တပ်ရင်းမှူးဗိုလ်ကြီးတာကောက အရပ်ပုပြတ်ပြတ်နဲ့ ကိုယ်ခန္ဓာကျစ်လစ်ပြီး အသားဖြူပါတယ်။ သူနဲ့ စကားမပြောဖြစ်ခဲ့ပေမဲ့ သူ့ပုံကြည့်ရတာ ယုံကြည်မှုခိုင်မာပြီး အလုပ်ကိုပြတ်ပြတ်သားသားလုပ်တတ်ပုံ ပေါ်ပါတယ်။ နောက်တော့ တိုက်ခိုက်ရေးမှာ ထူးချွန်ကြောင်းနဲ့ ရဲဘော်အများက ချစ်ကြောက်ရိုသေကြကြောင်း ရဲဘော်တွေက ပြောပြပါတယ်။
သူပုန်အကျဉ်းသားဖြစ်ရတာ ရက်ပေါင်း ၆၅ ရက်ထဲမှာပါ။ ဒါပေမဲ့ အရင်လိုကျွန်တော့်စိတ်တွေ လေးလံထိုင်းမှိုင်း နေတာမျိုးမရှိဘဲ လွတ်လပ်ပေါ့ပါးနေပါတယ်လို့ ခံစားနေရပါတယ်။ နေသားကျသွားတာမျိုး ဒါမှမဟုတ် ရဲဘော်တွေနဲ့ ရင်းနှီးသွားတာမျိုး အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ပြီးတော့ အရင်လို ဘယ်နေ့လွတ်မှာလဲဆိုတဲ့ စိတ်ကူးအတွေးကိုလည်း မတွေးသလောက်ဖြစ်နေပါပြီ။
တစ်ခါတစ်ခါတော့ အခုလိုပဲ ကြောင်တောင်တောင်တွေးတတ်ပါသေးတယ်။
“ငါ…ဒီလို သူပုန်လက်ထဲ အဖမ်းခံရတာလည်း နိုင်ငံ့တာဝန် ထမ်းဆောင်မှုတစ်မျိုးပဲ၊ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်(အမေရိကန်မှာဆို ဆီးနိတ်တာ ပေါ့) တစ်ယောက်ကို သူပုန်တွေကဖမ်းဆီးထားသတဲ့၊ ဖမ်းဆီးထားရတဲ့ အကြောင်းကလည်း အစိုးရတပ်တွေဆီ သတင်းပို့လို့တဲ့…”
“ကောင်းလေစွ…၊ ကောင်းလေစွ…”
“ဒီတော့ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမပြောနဲ့ နိုင်ငံတွင်းစုံလင်ကွဲပြားတဲ့ လူမျိုး၊ ဘာသာ စကား၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံရေးခံယူချက်…စတဲ့ အုပ်စုတွေအပေါ် ညှိနှိုင်းအဖြေရှာပြီး ရှေ့ဆက်ဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်တော်သူပုန်လက်ထဲရောက်နေတာက မီးမောင်းထိုးပြနေတာပဲ မဟုတ်လား…”
ဒီတော့လဲ ကျွန်တော့်အနေနဲ့ ဒီနိုင်ငံရဲ့ယန္တရား(ပင်နယံ)အပြင်ဘက် အသားလွတ်ကြီးရောက်သွားတာမျိုး ဟုတ်မနေတော့ဘဲ နိုင်ငံ့တာဝန်ထမ်းဆောင်နည်းတစ်မျိုးလို ဖြစ်နေတာပါ။ ကြောင်တောင်တောင်နိုင်တယ်ဆိုပေမဲ့ ဒီလိုပဲ ကြံကြံဖန်ဖန် တွေးကြည့်ရတာပေါ့။
***
အပိုင်း (၁၉) ဆက်လက်ဖတ်ရှူနိုင်ပါရန်။
