ထပ်မံဖွဲ့စည်းထားသည့် မည်သည့် အဖွဲ့အစည်း၊ ကောင်စီ မဆို MRO/CDF-Matupi နှင့် မတူပီပြည်သူလူထုကို လုံးဝ (လုံးဝ) ကိုယ်စားမပြုကြောင်း MRO/CDF-Matupi ပြော
ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မတူပီမြို့နယ်၏ နိုင်ငံရေး၊ စစ်ရေးကိုယ်စားပြုနိုင်ရန် ဖွဲ့စည်းထားသည့် MRO/CDF-Matupi အပြင် ထပ်မံဖွဲ့စည်းထားသည့် မည်သည့် အဖွဲ့အစည်း၊ ကောင်စီ မဆို MRO/CDF-Matupi နှင့် မတူပီပြည်သူလူထုကို လုံးဝ (လုံးဝ) ကိုယ်စားမပြုကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
MRO/CDF-Matupi သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သည့် CDF-Matupi (၄) နှစ်ပြည့် ညီလာခံမှ အတည်ပြု ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေးကာလအတွင်း မတူပီမြို့နယ်အရေးတွင် နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုသည့် အဖွဲ့ဖြစ်ကြောင်း MRO/CDF-Matupi က ပြောသည်။
ချင်းပြည်အရေး၊ မြန်မာ့အရေးတွင် MRO/CDF-Matupi အမည်နာမတခုတည်းဖြင့်သာ ဆက်လက်ပါဝင်နေပြီး ICNCC/CB သို့ ကောင်စီဝင်များ/ အဖွဲ့ဝင်များ စေလွှတ်ရာတွင်လည်း MRO/CDF-Matupi အမည်တခုတည်းဖြင့်သာ ချိတ်ဆက်ပူးပေါင်းလျှက်ရှိကြောင်း ဆိုသည်။
MRO/CDF-Matupi နှင့် မတူပီပြည်သူလူထုများသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့် ချင်းအမျိုးသားကောင်စီ – မတူပီ(CNC-Matupi) ကို လုံးဝ (လုံးဝ) ကိုယ်စားမပြုကြောင်း အများပြည်သူများသိရန် MRO/CDF-Matupi က အသိပေးထားသည်။
မတူပီမြို့နှင့် မတူပီမြို့နယ်အတွင်းရှိ တပ်ဖက်၊ အရပ်ဖက် အင်အားစုများအား အဖွဲ့ချုပ် တစ်ခုအဖြစ် ပေါင်းစည်း နိုင်ရေးအတွက် အရပ်ဖက် ဝန်ထမ်းများ၊ တတ်သိပညာရှင်များကိုလည်း ဌာနအလိုက် ချိတ်ဆက်ပူးပေါင်း၍ တပ်ဖက်၊ အရပ်ဖက် လုပ်ငန်းများ ဖော်ဆောင်လျက်ရှိသည်ဟု MRO/CDF-Matupi ဆိုသည်။
ပြည်တွင်း၊ ပြည်ပရှိ မတူပီမြို့နယ်ပြည်သူလူထု အနေဖြင့် တော်လှန်ရေးတွင် လူအင်အား၊ ငွေအင်အားနှင့် အကြံဉာဏ်များဖြင့် ပါဝင်လိုပါက ဝမ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုလျှက်ရှိကြောင်းနှင့် တိုက်ရိုက်ချိတ်ဆက် ပူးပေါင်းစေလိုကြောင်း MRO/CDF-Matupi က ထုတ်ပြန်ထားသည်။
သတင်း – James Roe
