
Breaking News
ပုသိမ်အကျဥ်းထောင်တွင် အကျဉ်းကျနေသည့် ပလက်ဝမြို့နယ် ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်သား ၁၆ ဦး လွတ်ရက်စေ့၍ လွတ်မြောက်လာ
ဩဂုတ်လ ၁ ရက်၊ ၂၀၂၅။
ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်းသား ၁၉ ဦးတွင် ၁၆ ဦးမှာ လွတ်ရက်စေ့၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပလက်ဝမြို့နယ် ပါးဝကျေးရွာမှ နိုင်ငံရေး အကျဉ်းသား ၁၆ ဦးသည် ယနေ့ ဩဂုတ်လ ၁ ရက် မနက်ပိုင်းတွင် လွတ်ရက်စေ့၍ လွတ်မြောက်လာခြင်းဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း မိသားစုဝင်များက ပြောသည်။
“ဒီမနက်မှာပဲ ၁၆ ယောက်စလုံး ကျန်းကျန်းမာမာနဲ့ပဲ လွတ်မြောက်ပါတယ်။ ကျန်တဲ့ ၃ ယောက်က ၇ နှစ်ကျတာဆိုတော့ လွတ်ဖို့ နည်းနည်းကြာအုံးမယ်။ လွတ်လာတဲ့သူတွေအတွက် ပျော်ရွှင်ရပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်…” ဟု မိသားစုဝင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် လွတ်ရက်စေ့၍ လွတ်မြောက်ရမည် ဖြစ်သော်လည်း အောက်တိုဘာလတွင် မူလအကျဉ်းကျခဲ့သည့် စစ်တွေအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်း ခံလိုက်ရပြီးနောက် ဆက်လက်၍ အကျဉ်းကျခံခဲ့ရပြီး စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင်လည်း ပါဝင်လာခြင်းမရှိဘဲ ယနေ့တွင် လွတ်မြောက်ရက်စေ့မှသာ လွတ်မြောက်လာခြင်း ဖြစ်သည်။
“သူတို့ ၁၆ ယောက်က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ လွတ်ရမှာ၊ ဒါမယ့် ရုတ်တရက် ထောင်ပြောင်းခံရတော့ ဘယ်လိုဖြစ်ပြီး ရက်ရွှေ့သွားလဲ မသိဘူး။ ဒါပေမယ့် ခုပြန်လွတ်လာတော့ အတိုင်းမသိဝမ်းသာတယ်။ အားလုံးအတွက် နေ့ညမပြတ်စိုးရိမ်နေရတာ။ ခုလို ကျန်းကျန်းမာမာနဲ့ ပြန်လည်လွတ်မြောက်လာတာကိုပဲ ဝမ်းသာရပါတယ်…” ဟု နောက်ထပ် မိသားစုဝင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ် ပါးဝကျေးရွာမှ ၁၉ ဦးကို ပုဒ်မ – ၅၂ (က) ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အကြမ်းဖက်စစ်ကောင်စီက မတရား ထောင်ချအကျဉ်းချခဲ့ခြင်း ဖြစ်ပြီး ၁၆ ဦးမှာ ၄ နှစ်နှင့် ၃ ဦးမှာ ၇ နှစ် အမိန့်ချခဲ့ခြင်း ဖြစ်သည်။
သတင်း – James Roe
