
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်။
ဒီနေ့ သူပုန်အကျဉ်းသား ၆၆ ရက်မြောက်နေ့မှာ ဒုဗိုလ်ဝေလက ကျွန်တော့်ကို စကားလာပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်ကို မကြာခင်ပြန်လွှတ်တော့မယ်လို့ အေအေတပ်လူကြီးတွေ ပြောသံကြားရတယ်…”
သူ့ရဲ့ စကားအပြောအဆိုတွေလည်း အရင်ကထက် ပိုညက်ညောလာတာ သတိထားမိတယ်။ ပြီးတော့…
“လွှတ်တော် ကိုယ်စားလှယ်ကြီးက ဒီကနေလွတ်သွားရင် ကျွန်တော်တို့ကို သတိတောင်ရမှာ မဟုတ်တော့ဘူး နော်…” လို့ ပြောပါသေးတယ်။
ကျွန်တော်က…
“အတူနေခဲ့ရတာတွေ မမေ့ပါဘူး၊ သတိရနေမှာပါ၊ နောက်ဆို ဒီစခန်းကိုတောင် ပြန်လာလည်ချင်ပါသေးတယ်…”
အဲလိုပြောတာလည်း တကယ့်စိတ်ရင်းနဲ့ပါ။ အတူနေလာတာကြာပြီဆိုတော့ သူတို့နဲ့လည်း ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုတွေ အများကြီးရှိလာပါပြီ။ ရှေ့မှာပြောခဲ့သလိုပဲ ကျွန်တော်ဟာ ကနေ့အထိ သံခြေချင်းခတ်ခံထားရတုန်း ဖြစ်နေတာတောင် သူတို့ရဲ့ အကျဉ်းသားတစ်ယောက်လို မခံစားရတော့ပါဘူး။
အဲဒီနေ့က ထင်ပါရဲ့။ တပ်ကြပ်ကြီးသိပ္ပံရဲ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ဖြစ်ပါသေးတယ်။ ဒါပေမဲ့ အဲဒီပုံတွေ ကျွန်တော် မယူဖြစ်ခဲ့ပါ။ မယူဖြစ်ခဲ့တာလည်း ခပ်ကောင်းကောင်းပါ။ တကယ်လို့ ယူဖြစ်ခဲ့ရင်သာ ပုံထဲမှာ သံခြေချင်းတန်းလန်းနဲ့မို့ နောင်ကြည့်ဖြစ်တိုင်း နာကျင်ခံခက် နေရအုံးမှာမို့ပါ။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်။
ဒီနေ့တော့ မနက်အစောကြီးမှာပဲ ဒုဗိုလ်ဝေလ ယူနီဖောင်းအပြည့်နဲ့ ရောက်လာပါတယ်။
“ဒီနေ့ လူကြီးတွေနဲ့တွေ့ရမယ်…”ပြောပြီး ကျွန်တော့်အဝတ်အိတ်ကို လာပေးပါတယ်။ ပြီးတော့ သပ်သပ်ရပ်ရပ် ဝတ်စားလာခဲ့ဖို့နဲ့ တိုက်ပုံအင်္ကျီရှိရင် ဝတ်လာခဲ့ဖို့ ပြောပါတယ်။
ပင်နီတိုက်ပုံအင်္ကျီ တစ်ထည်တော့ရှိပါရဲ့။ ဒါပေမဲ့ ကျွန်တော် တောထဲတောင်ထဲမှာဖြင့် မဝတ်ချင်ပါဘူး။ သူ့ဟာသူ သမိုင်းကြောင်းရှိတဲ့ အရောင်မဟုတ်လား။ ဘာမဟုတ်တဲ့ကျွန်တော့်ကြောင့် အစွန်းအထင်းမဖြစ်စေရပါဘူး။ အဲဒီလောက်တော့လည်း တောင့်ခံသင့်တယ်လို့ နိုင်ငံရေးခံယူချက်မဟုတ်သည့်တိုင် တစ်သီးပုဂ္ဂလခံယူချက်အနေနဲ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒါနဲ့ ကချင်လုံချည်နဲ့ ရိုးရိုးကော်လံကတုံး အင်္ကျီဖြူလက်ရှည်ပဲ ဝတ်လိုက်ပါတယ်။
အကျဉ်းသား လုံခြုံရေးတာဝန်ခံ တပ်ကြပ်ကြီးသိပ္ပံနဲ့ ရဲဘော်သုံးယောက်ကလည်း စစ်ဝတ်စုံပြည့်နဲ့ပါ (ခါတိုင်းလုံ ခြုံရေး သွားတဲ့အခါ ရိုးရိုးဘောင်းဘီတိုနဲ့ပဲ ဖြစ်ပါတယ်)။ ကျွန်တော့်ရှေ့မှာတင် ရဲဘော်တွေကို သေနက်လွယ်တဲ့ အနေအထားမှန်ကန်စေဖို့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်က သင်ပေးနေတာတွေ့ရတယ်။ ပြီးတော့ လူကြီးတွေနဲ့ တွေ့ရမှာမို့လို့ဆိုပြီး ကျွန်တော့်ကို သံခြေချင်း ဖြုတ်ပေးခဲ့ပါတယ်။
သံခြေချင်းဖြုတ်လိုက်မှ စိတ်ပိုင်းလွတ်လပ်ပေါ့ပါးမှုကို သိသိသာသာ ခံစားရသလို ခန္ဓာကိုယ်ပေါ့ပါးမှုကြောင့်ထင်ပါရဲ့ ခြေလှမ်းအချိန်အဆတောင် မှားချင်ချင်ဖြစ်ရပါသေးတယ်။
မနက်ကိုးနာရီလောက်မှာ တပ်ကြပ်ကြီးသိပ္ပံ ဦးဆောင်တဲ့လုံခြုံရေးအဖွဲ့နဲ့ သီးသန့်စီစဉ်ထားတဲ့ နေရာဆီသွားကြပါတယ်။ နေရာက ဗိုလ်မှူးခိုင်ယက္ခနေတဲ့ အဆောင်မရောက်ခင်လေးမှာပါ။ အဲဒီမှာ ULA ကတာဝန်ရှိသူတွေဖြစ်တဲ့ ဦးအောင်နိုင်၊ တပ်ကြပ်ကြီးဆေးမှူးတစ်ဦးနဲ့ ဒုဗိုလ်ဝေလတို့ကို တွေ့ရပါတယ်။
ကင်မရာမန်းဖြစ်သူ ကွန်ပြူတာစာရေးကြီးကလည်း ဆွေးနွေးပြောဆိုချက်တွေကို မှတ်တမ်းတင်ဖို့ ပြင်ဆင်နေပါတယ်။ လုံခြုံရေးယူပေးတဲ့ ရဲဘော်တွေကိုလည်း ဓါတ်ပုံဗွီဒီယိုမှတ်တမ်းထဲဝင်ဖို့ ဒုဗိုလ်ဝေလက ညွှန်ကြားမှုတွေ ပြုလုပ်နေပါတယ်။
ဝါးနဲ့လုပ်ထားတဲ့စားပွဲရှည်မှာ ဆွေးနွေးမယ့်တာဝန်ရှိသူ လေးဦးထိုင်ပြီး အပြန်အလှန်မိတ်ဆက်ကြပါတယ်။
ဦးအောင်နိုင်က…
“ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က တာဝန်ရှိသူတစ်ဦးဖြစ်ပါတယ်။ အထက်လူကြီးတွေရဲ့ ညွန်ကြားချက်အရ လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်ပင်ညှိနှိုင်းဖို့ လာရောက်တာဖြစ်ပါတယ်။ အခု လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေကို သိရှိပြီးဖြစ်မယ်လို့ ယူဆပါတယ်…”
ကျွန်တော် ဝန်ခံတာလည်းမဟုတ်၊ ငြင်းဆန်တာလညးမဟုတ် တုံဏှိဘာဝေ လုပ်နေလိုက်ပါတယ်။
ပြီးတော့ ပြန်စဉ်းစားကြည့်မိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာအပြစ်တွေများ လုပ်ထားသလဲပေါ့။ ဦးအောင်နိုင်က အသက် ၅၈ နှစ်လောက်ရှိတော့မယ်။ အရပ်ရှည်ရှည်၊ အသားညိုညို၊ ဆံပင်ဖြူနေပြီ။ ကွမ်းအမြဲတမ်းငုံထားတာ တွေ့ရတယ်။
မျက်နှာထားက ခပ်ပြုံးပြုံးပါ။ ကျောက်တော်မြို့နယ်ထဲကလို့ သိရတယ်။ သူကဆက်ပြီး…
“ရခိုင်လူမျိုးနဲ့ ပလက်ဝမြို့နယ်ထဲ ခူမီးလူမျိုးတွေက အမျိုးအနွယ်အတူတူဖြစ်တယ်…”
ဒီတစ်ခါလည်း ကျွန်တော်ဘာမှ ဝင်မပြောပါ။
ဒါပေမဲ့ အဲဒီပြောဆိုချက်ကို ကျွန်တော်မကျေနပ်ပါ။ ဆင်းသက်ရာလမ်းကြောင်း၊ ပြောဆိုတဲ့ဘာသာစကား၊ ကျင့်သုံးတဲ့ဓလေ့ထုံးတမ်း နည်းနည်းမှမတူတဲ့ လူမှုအသိုက်အဝန်းနှစ်ခုက ဘယ်လိုများ အမျိုးအနွယ်တူနေပါလိမ့်။
တစ်ခုရှိတာက ရခိုင်တွေအနေနဲ့ ကျွန်တော်တို့ ခူမီးချင်းတွေနဲ့ အမျိုးအနွယ်တူတယ်ဆိုတဲ့ လော့ဂျစ်ခိုင်မာမှ သူတို့ ရဲ့သမိုင်းကြောင်းက ခိုင်မာမှာဖြစ်လို့ပါပဲ။ အဲလိုပဲ ဖြည့်တွေးပေး လိုက်ပါတယ်။
သူတို့ရဲ့ ဆင်းသက်ရာအဖြစ် အထွဋ်အထိပ်ထားတဲ့ “မရာယု”ဆိုတာ ရေမျောကမ်းတင် ကလေးတစ်ဦးပါ။
“မြို” လူမျိုးတစ်ဦးက ကောက်ယူမွေးစားခဲ့တာဖြစ်ပြီး “မရာ=ကိုင်းပင်”၊ “ယု=ခေါင်ရည်” ဆိုပြီး နာမည်ပေးခဲ့တာ ဖြစ်ပါသတဲ့။ ဒါက ကျွန်တော်တို့ရဲ့ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ နှုတ်သမိုင်းပေါ့။ ဒါလောက်ကိုတော့ ကျွန်တော်လည်း သိနေပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဘာမှဝင်မပြောတာက အကောင်းဆုံးမဟုတ်လား။
“အမျိုးသားလွှတ်တော်မှာ ပလက်ဝမြို့နယ်အတွက် ဘာမေးခွန်းတွေ မေးပေးခဲ့သလဲ…” သူက ထပ်မေးပါတယ်။ ဒီတစ်ခါတော့ စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားပါတယ်။
“ဒါသပ်သပ် လူပါးဝတာပဲ…” စိတ်ထဲကနေ ပြောနေမိတာပါ။ လွှတ်တော်သက်တမ်းတစ်လျှောက် လွှတ်တော်ချန်နယ်ကနေ နေ့တိုင်းလွှင့်ပေးနေတာကို။ တမင်သက်သက် ညစ်မေးမေးတဲ့ မေးခွန်းပဲလို့ မှတ်ချက်ချလိုက်ပါတယ်။ တစ်စုံတစ်ရာ စောဒကတက်တာတော့ မလုပ်ဖြစ်ပါဘူး။
ကျွန်တော်က “ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြားအဆောက်အဦး ကိစ္စတွေကို ဦးစားပေး မေးခဲ့ပါတယ်…”လို့ ဖြေလိုက်ပါတယ်။
“မှတ်မိသလောက်မေးခွန်းတွေကို စာရွက်ပေါ် ရေးပေးလို့ရမလား…”
အနားမှာအသင့်ရှိနေတဲ့ သောစာရွက်ကိုယူပြီး လွှတ်တော်တွင်းမေးခဲ့သမျှ မေးခွန်းတွေကိုမှတ်မိသလောက်ကို ရေးပေးလိုက်ပါတယ်။
“အခု NLDအစိုးရလက်ထက်မှာ တိုင်းပြည်တိုးတတ်တယ်လို့ ထင်သလား…”
“တိုးတတ်မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်… ဥပမာ ကျွန်တော်တို့ ပလက်ဝမြို့နယ်က အရင်အစိုးရထက်စာရင် အခုအစိုးရလက်ထက်မှာ သိသိသာသာပြောင်းလဲတိုးတတ်မှုရှိလာတာ အမှန်ပဲ…”
ဦးအောင်နိုင်က သူတို့ရခိုင်ပြည်နယ်အနေနဲ့ NLDအစိုးရလက်ထက်မှာ တိုးတတ်ပြောင်းလဲမှုမရှိကြောင်း ပြောပါ တယ်။ ကျွန်တော့်စိတ်ထဲမှာဖြင့် ရခိုင်ပြည်နယ်အနေနဲ့ NLDအစိုးရလက်ထက်မှာ အများကြီးတိုးတက်နေတယ် ဆိုတာ လူတိုင်းသိနေမြင်နေတဲ့ အရာပဲလို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ ဦးအောင်နိုင်ရဲ့အမြင်မှာ တိုးတတ်မှုမရှိဘူး ဆိုတာက NLD အစိုးရကို တမင်မလိုလားတဲ့သူပဲဆိုတာ ကျွန်တော်မှတ်ချက်ချပါတယ်။
မှတ်တမ်းတင်ဓါတ်ပုံတွေ ရိုက်ပါတယ်။ အပြန်အလှန်ဆွေးနွေးချိန် တစ်နာရီခွဲနီးပါး ကြာပါတယ်။
“ဒီနေ့အတွက် ဒီလောက်ပါပဲ… မနက်ဖြန်ကျမှ ဆက်ဆွေးနွေးကြတာပေါ့…” ပြောပြီး ဦးအောင်နိုင်နဲ့ ကျွန်တော် လက်ဆွဲနှုတ်ဆက် လမ်းခွဲကြပြီး ရဲဘော်အစောင့်အရှောက်နဲ့ ကျွန်တော်နေတဲ့စခန်းဆီ ပြန်ခဲ့ပါတယ်။ တဲရောက်တော့ သံခြေချင်း ပြန်ခတ်ပါတယ်။
အတူနေ အကျဉ်းသားတွေက “ဘာတွေဆွေးနွေးခဲ့ကြလဲ…” ဆိုပြီး စိတ်ဝင်တစားနဲ့ တစ်ယောက်တစ်ပေါက်နဲ့ မေးကြပါတယ်။ ပြောသင့်သလောက်ကိုပဲ နည်းနည်းပါးပါး ပြောပေးလိုက်ပါတယ်။
အခုတလောတော့ သံခြေချင်းခတ်ထားပေမဲ့ အပြင်ထွက် လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်။ အရင်ကလို မတင်းကြပ်တော့ပါ။ ဒါပေမဲ့ ဒီညမှာတော့ ထူးခြားမှုတစ်ခု ရှိလာပြန်ပါတယ်။ ညအိပ်ရာဝင်တော့ နှစ်ယောက်ပူးပြီး လက်တစ်ဖက်စီကို လက်ထိပ်ခတ်ထားတာပါ။ တော်တော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
အခြေအနေကို ခန့်မှန်းရတာတော့ ဒီနေ့တွေ့ဆုံမှုက အခြေအနေဟန်ပုံမရပါဘူး။ ဒါကြောင့်လည်း အရင်ထက်ပို တင်းကြပ်လိုက်တာပဲလို့ ထင်ပါတယ်။ ဒါမှမဟုတ်လည်း တစ်နည်းနည်းနဲ့ ကျွန်တော့်စိတ်ကို ခြောက်လှန့်လိုက်တဲ့ လှန့်လုံးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ သန်းခေါင်ထက်ညဉ့်မနက်တော့ပြီ။ ဒီထက်ပိုဆိုးတဲ့ အခြေအနေမရောက်နိုင်တော့လို့ ခံယူထားပါတယ်။
လက်ထိပ်က ကျွန်တော်နဲ့မောင်ကျော်သန်းဝင်းတစ်တွဲ။ ကျွန်တော်ကညာဘက် မောင်ကျော်သန်းဝင်းက ဘယ် ဘက်။ ညနေ ထမင်းစားပြီး ၇ နာရီလောက်မှာ အစောင့်ရဲဘော်တွေက လက်ထိပ်လာခတ်တာပါ။ ကျွန်တော်က အင်္ကျီလက်ရှည်ပေါ် ခပ်ချောင်ချောင်ခတ်ဖို့ပြောတော့ အဆင်ပြေပါတယ်။ ပြန်ချွတ်လို့လည်း ရတယ်။
ညအိပ်တော့လည်း လူကြီးတွေ မစစ်ဆေးတော့ဘူးဆိုပြီး လက်ထိပ်ချွတ်ပြီးအိပ်၊ မိုးလင်းခါနီးကျ ကိုယ့်ကိုယ်ကိုယ် လက်ထိပ်ပြန်စွပ်လိုက်ပါတယ်။ အတူနေအကျဉ်းသားတွေနဲ့ ကင်းစောင့်ရဲဘော်တွေက ကျွန်တော့်အပေါ်ထားတဲ့ ညာတာစိတ်ကို ပြသတဲ့ကိုယ်ချင်းစာတရားလို့ ကျေးဇူးတင်မဆုံး ဖြစ်ရပါသေးတယ်။
ဟုတ်ပါတယ်။ ကိုယ်ချင်းစာတရားဆိုတာ အချိန်၊ နေရာ၊ လူမျိုး၊ အခြေအနေမရွေး ပေါ်လာတတ်ပြီးတော့ သူပေါ်လာပြီဆိုလည်း လူ့ဂုဏ်သိက္ခာဆိုတဲ့ လူသားဖြစ်မှုရဲ့တန်ဖိုးကို ပိုပိုနားလည်ရပါတယ်။
တင်းကြပ်မှုထဲက တစ်နည်းနည်းနဲ့ အဆင်ပြေနေတဲ့ ၆၇ ရက်မြောက် သူပုန်အကျဉ်းသား အတွေ့အကြုံပေါ့။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်။
ဒီနေ့လည်း လူကြီးတွေနဲ့ တွေ့ရမှာပါ။ မနေ့က ဝတ်ထားတဲ့အဝတ်အစားပဲ ပြန်ဝတ်ခဲ့ပါတယ်။ ဒီနေ့တွေ့ရတဲ့ ULA လူကြီးတွေထဲမှာ လူသစ်(လူလက်ပိုင်းတစ်ယောက်)ပါ တွေ့ရပါတယ်။ သူ့နာမည်က ဦးအောင်မြတ်ပါ။ ရည်ရည် မွန်မွန်ရှိမယ့် ပညာတတ်လူငယ်တစ်ယောက်ပါပဲ။
နိုင်ငံရေးမှူးဒုတိယတန်း အရာရှိလို့ သိရတယ်။ အသက် ၂၈ နှစ်ဝန်းကျင်လောက်ပဲရှိအုံးမယ် ထင်ပါတယ်။ အရပ်ရှည်တယ်။ အသားဖြူတယ်။ သန့်သန့်ပြန့်ပြန့် နေတတ်ပုံပါ။ သူကိုကြည့်ရတာ လူယဉ်ကျေး၊ လူရည်သန့်ထဲက ထက်ထက်မြက်မြက်ရှိမယ့် သူမျိုးလို့မြင်ပါတယ်။
ဒါပေမဲ့ ဒီမနက်ဆွေးနွေးပွဲမှာ ဒုဗိုလ်ဝေလ မပါတော့ပါ။ ကျွန်တော်၊ ဦးအောင်နိုင်၊ ဦးအောင်မြတ်၊ တပ်ကြပ်ကြီး ဆေးမှူးတစ်ဦး။ ဆွေးနွေးမှုကို ဗွီဒီယိုမှတ်တမ်းယူပါတယ်။
ဆွေးနွေးပွဲစတင်တာနဲ့ ပရိသန္ဓေရစကားတွေ မပြောတော့ပဲ ဦးအောင်နိုင်က…
“ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်နဲ့ ဦးဝှေ့တင်း ဘယ်လောက်အထိခင်မင်မှု၊ ပတ်သတ်မှုရှိသလဲ…”
“ဦးစိုးထက်က ချင်းပြည်နယ်ဝန်ကြီးတစ်ဦး ဖြစ်ပါတယ်။ သူဝန်ကြီးမဖြစ်ခင်က အမျိုးသားလွှတ်တော်ရုံးမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် လုပ်ပါတယ်။ ကျွန်တော်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် နေပြည်တော်မှာပဲနေတော့ သူနဲ့မကြာခဏဆုံဖြစ်ပါတယ်။ ပြီးတော့ ဦးစိုးထက်က ချင်းပြည်နယ်က အစိုးရလူကြီး၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်တော့ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေ အလုပ်သဘောအရ ဖုန်းနဲ့စကားပြောတာတွေ ရှိပါတယ်…”
“ဝန်ကြီးဦးစိုးထက်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာနေတယ်၊ တပ်မတော်အရာရှိ အငြိမ်းစားလို့သိရတယ်၊ ဟုတ်သလား…”
“ဟုတ်ပါတယ်…”
“သူ့အမျိုးသမီးက ရခိုင်သူဆို၊ ဗိုလ်မှူးကြီးအဆင့်လို့လည်း သိရတယ်၊ ဟုတ်လား..”
“ဟုတ်ပါတယ်…”
“ဝန်ကြီးဦးစိုးထက်ရဲ့ အကြောင်းကို ဦးဝှေ့တင်းသိသလောက် စာရွက်ပေါ်ရေးပေးပါ…”
ကျွန်တော်လည်း သိသလောက် ရေးပေးလိုက်ပါတယ်။
ဝန်ကြီးက ပလက်ဝရဲ့ အထင်ကရနိုင်ငံရေးခေါင်းဆောင် အဘဦးထပ်လိုင်းရဲ့ သားတစ်ယောက်ဖြစ်တယ် ဆိုတာကလွဲရင် ဂဃနဏ သိသည်တော့မဟုတ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုလွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ လူချင်းတွေ့ဖူး၊ ရင်းနှီးဖူးတာမျိုးပါ။
သူကတပ်မတော်မှာ အရာရှိတစ်ဦး၊ နောက်တော့နယ်ဘက်မှာ အရာရှိကြီး၊ ဇာတိမြေပလက်ဝကို မေ့လောက်နေမှ ပြန်လာတတ်သူ။ တကယ်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ သူနဲ့တွေ့ဖူးဆုံးဖူး ရင်းနှီးဖူးတာ ဖြစ်ပါတယ်။
နောက်တော့ ဆလိုင်းအိုက်ဇက်ခင်ကို သိသလားလို့ ထပ်မေးပါတယ်။ သူက ဗမာလူမျိုးလားလို့လည်း မေးပါ တယ်။ ဆလိုင်းအိုက်ဇက်ခင်က ခူမီး(ချင်း)လူမျိုးပါလို့ ပြောခဲ့တယ်။ သူက RFAရေဒီယို၊ BBCရေဒီယိုကနေ ခဏ ခဏစကား ပြောနေတယ်လို့ ကြားနေရတယ်လို့ ပြောပါတယ်။ သူ(ဆလိုင်းအိုက်ဇက်ခင်) ဘယ်မှာနေလဲမေးတော့ ရန်ကုန်မှာနေတယ်လို့ ဖြေပေးလိုက်ပါတယ်။
ဆရာအိုက်ဇက်ခင်နဲ့တော့ တအားရင်းနှီးတာမျိုးမဟုတ်ပေမဲ့ သိကျွမ်းဖူးပါတယ်။ သူက ပြည်တွင်း NGO တစ်ခု တည်ထောင်ပြီး အလုပ်လုပ်တဲ့သူဆိုတော့ တစ်ခါတစ်ခါ ပလက်ဝလူငယ်တွေကို စွမ်းရည်မြှင့်သင်တန်းတွေ ပေးလေ့ရှိပါတယ်။ သူက ရန်ကုန်မှာအနေများသူမို့လို့ သိပ်မရင်းနှီးဘူးလို့ ပြောချင်တာပါ။
ဒါပေမဲ့ ၂၀၁၆ NLD အစိုးရ တက်လာတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ထဲမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအနေနဲ့ ပါဝင်လာခဲ့လို့ အစည်းအဝေးတွေမှာ ကြုံရဆုံရ သိကျွမ်းရတာပဲ ဖြစ်ပါတယ်။
နောက်တော့ ခူမီးမီဒီယာ အကြောင်းမေးပါတယ်။
“ခူမီးမီဒီယာကို ဦးဝှေ့တင်းဦးဆောင်ပြီး ဖွဲ့စည်းတယ်လို့သတင်း ကြားရတယ်၊ ဟုတ်သလား…”
“မဟုတ်ပါဘူး…”
တကယ်လည်း မဟုတ်ပါဘူး။
“ခူမီးမီဒီယာနဲ့ အဆက်အသွယ်ရှိသလား…”
“အရင်နှစ်တွေတုန်းကတော့ နှစ်ကြိမ်လောက် ဆက်သွယ်စကားပြောတာတွေ ရှိခဲ့ဖူးပါတယ်၊ နောက်ပိုင်းတော့ မရှိပါဘူး…”
“ခူမီးမီဒီယာကိုကိုင်တဲ့သူ နာမည်ကိုသိသလား…၊ သိရင်ပြောပြပါ…”
ကျွန်တော်တစ်ချက် စဉ်းစားလိုက်ပါတယ်။ ဘယ်လိုဖြေရင်ကောင်းမလဲ။ မသိဘူးဖြေရင်လည်း သူတို့ဘယ်လိုမှ ယုံမယ်မထင်ပါ။
အဲဒါနဲ့ “ဦးပီတာ…”လို့ ဖြေလိုက်ပါတယ်။
သူတို့အနေနဲ့ ခူမီးမီဒီယာကို ဘာလို့တခုတ်တရမေးလဲဆိုတာ ကျွန်တော်သိပါတယ်။
ခူမီးမီဒီယာဆိုတာ ဒေသတွင်းအားကောင်းတဲ့ မီဒီယာတစ်ခုအဖြစ် ရှားရှားပါးပါး ရပ်တည်နေတာ ၂၀၁၂ ခုနှစ် ကတည်းကပါ။
ပလက်ဝဒေသတွင်း စစ်ရေးပဋိပက္ခစတင်တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ဒေသခံတွေကျူးလွန်ခံရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အစိုးတပ်ကကျူးလွန်တာပဲဖြစ်ဖြစ်၊ အေအေကကျူးလွန်တာပဲဖြစ်ဖြစ် သတင်းမျက်နှာ စာပေါ် တင်ပေးတဲ့ အားကောင်းနေတဲ့ မီဒီယာတစ်ခုဖြစ်ပါတယ်။
ဒီတော့ အစိုးတပ်ဘက်ကလည်း ဒေသတွင်းမီဒီယာကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အသံထွက်လာတာတွေလည်းရှိပါတယ်။ အေအေဘက်ကလည်း ဒီအတိုင်းပဲနေမှာပါ။ စစ်တပ်ဆိုတာ ဘယ်တပ်ပဲဖြစ်ဖြစ် လူ့အခွင့်အရေးချိုး ဖောက်မှုတွေ အနည်းနဲ့အများ ရှိတတ်တာပဲ မဟုတ်လား။
အဲဒါတွေကို မီဒီယာက သူ့တာဝန်အရ အများပြည်သူသိအောင် ဖော်ပြကြရတဲ့အခါ သူတို့အတွက်က အနှောက်အယှက် ဖြစ်စေတယ်ပေါ့။ ဒီတော့ မီဒီယာကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတဲ့ဘက် လှည့်လာတဲ့ သဘောပေါ့။
ဒီနေ့က သူပုန်အကျဉ်းသား ၆၈ ရက်မြောက်နေ့ပါ။
***
အပိုင်း (၂၀) ဆက်လက်ဖတ်ရှုနိုင်ပါရန်။
