ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသ ခေါ်နူးတပ်ရင်း၏ ထိန်းချုပ်မှုနယ်မြေအတွင်းရှိ ဂိတ်တချို့ကို ယာယီပိတ်ထားမည်
ဩဂုတ်လ ၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ကန်ပက်လက်မြို့နယ်အား စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာခြင်းကြောင့် ဒါးရင်ဒူးဒေသ ခေါ်နူးတပ်ရင်း၏ ထိန်းချုပ်မှုနယ်မြေအတွင်းရှိ ဂိတ်တချို့ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင် CDF – Kanpetlet, Battalion (5), Khonu Battalion က ထုတ်ပြန်ထားသည်။
ခေါ်နူးတပ်ရင်းသည် ကာကွယ်ရေးဆိုင်ရာ အရေးပါ်လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်လိုသောကြောင့် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသကို သွားလာခွင့် ပိတ်ထားရခြင်းဖြစ်ကြောင်း ဆိုသည်။
ပြည်သူများအနေဖြင့် ရပ်နီး/ရပ်ဝေး ခရီးသွားလာခြင်း၊ ဆိုင်ကယ်ကယ်ရီဖြင့် ကုန်စည်ပို့ဆောင်ခြင်း၊ ဒေသခြားသွားလာမှုများသည် အရေးပါ်အခြေအနေမှအပ ခရီးသွားလာခြင်းနှင့် ကုန်သွယ်စီးဆင်းမှုများ အပါအဝင် လမ်းကြောင်းများဖြစ်သည့် ဂိတ် ၁ နှင့် ဂိတ် ၂ ကို သြဂုတ်လ ၄ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ချင်းပြည်ရှိ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်နှင့် ဖလမ်း မြို့နယ် (၇) မြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်ကြေညာထားသည်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှု ချုပ်ငြိမ်းရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပေဒ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂ (က) အရ မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြ၍ ထုတ်ပြန်ထားသည်။
သတင်း – James Roe
