ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့နှင့် သစ်ကုန်သည်များက စည်းကမ်းမဲ့ အလွန်အကျွံ သစ်ထုတ်ယူနေ
သြဂုတ်လ ၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးလက်ချောင်းတလျှောက်တွင် အေအေတပ်ဖွဲ့နှင့် သစ်ကုန်သည်များက သစ်များကို စည်းကမ်းမဲ့ အလွန်အကျွံ ထုတ်ယူနေကြကြောင်း လိပ်ကုန်းနှင့် မင်းခွဲကျေးရွာမှ ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့နယ်၊ မီးလက်ချောင်းတလျှောက်တွင် အလေ့ကျပေါက်သည့် သစ်မာများကို အဆောက်အအုံ ဆောက်လုပ်ရန်နှင့် ရောင်းချကြရန်အပြင် ဒေသခံများ၏ ပုဂ္ဂလိကကျွန်းခင်းများမှ ကျွန်းပင်များနှင့် သစ်မာပင်များကိုပါ ချိန်းစက်(Chain Saw) ဖြင့် အလွန်အကျွံ ဖြတ်ယူကာ ထုတ်ယူနေကြကြောင်း ဒေသခံများက ပြောသည်။
“အေအေတွေက မင်းခွဲရွာမှာ အရင်ရောက်ပြီး သစ်တွေကို ချိန်းစက်(Chain Saw) တွေနဲ့ ခုတ်ကြတာ။ မီးလက်ချောင်းတလျှောက်လုံးမှာ လုပ်နေကြတယ်။ လိပ်ကုန်း၊ မင်းခွဲနဲ့ မန်းသာရွာတွေက ဒေသခံတွေကိုလည်း တစ်ပတ်မှာ နှစ်ရက်လောက်ခေါ်ပြီးတော့ လုပ်အားပေးလည်း လုပ်ခိုင်းတယ်။ သစ်ပင်တွေကို ချိန်းစက်(Chain Saw) နဲ့ ထိုးခိုင်းတယ်။ ထမ်းခိုင်းတယ်။ စခေါ်တုန်းက ပိုက်ဆံပေးမယ်ဆိုပြီးပြောပေမယ့် ခုထိမပေးဘူး။ တောထဲက သစ်ပင်တွေက ကုန်သလောက်နီးပါးဖြစ်နေပြီ…” ဟု မင်းခွဲကျေးရွာမှ အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
အေအေတပ်ဖွဲ့က ပလက်ဝမြို့နယ်ကို ထိန်းချုပ်ပြီးသည့်နောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ကတည်းက စ၍ ယနေ့အထိ သစ်များကို အလွန်အကျွံ ထုတ်ယူလာခြင်းဖြစ်သည်။
“ဟိုးအရင်တုန်းက ပလက်ဝနယ်မှာ မီးလက်ချောက်က သစ်တွေ ထုတ်ယူနေကြတာပဲ။ ဘယ်လောက်ထုတ်ထုတ် မကုန်ဘူး၊ စည်းကမ်းရှိတယ်။ အခုက အေအေတွေက အလွန်အကျွံကို ထုတ်ကြတာ။ မင်းခွဲရွာမှာဆို သစ်စက်တောင် ထောင်ထားပြီးတော့ကို လုပ်တာ။ ပျဉ်တွေဆို အများကြီးပဲ ပလက်ဝနဲ့ ရခိုင်ပြည်ဘက်ကို ပို့ကြတယ်။ သူတို့ရဲ့ စခန်းဆောက်တဲ့နေရာမှာလည်း သုံးတယ်။ ရောင်းလည်းရောင်းကြတယ်။ ဒီလို အလွန်အကျွံ ထုတ်ယူနေကြတာကို သူတို့(အေအေ)အထက်အရာရှိတွေ၊ သက်ဆိုင်ရာတွေက ဘာမှအရေးမယူကြဘူး။ ဒေသခံရွာသားတွေကျတော့ အိမ်ဆောက်ဖို့အတွက် ခုတ်ရင် သူတို့(အေအေ)ဆီမှာ ခွင့်ပြုချက်ယူရတာနဲ့ အကန့်အသက်နဲ့ ခုတ်ရတာနဲ့ ကိုယ့်ဒေသက သဘာဝသစ်တောကိုတောင် ဒေသခံတွေ မပိုင်တော့ဘူး။ ရင်နာစရာ၊ ဝမ်းနည်းစရာ ကောင်းတယ်…” ဟု လိပ်ကုန်းကျေးရွာက အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
နောက်ထပ် လိပ်ကုန်းရွာသား အမျိုးသားတစ်ဦးက “အေအေတွေက သစ်တွေတအားထုတ်တယ်၊ ပြီးတော့ ရခိုင်ဘက်ကို ရောင်းတာ၊ အဆိုးဆုံးက ကျွန်တော်တို့ စိုက်ထားတဲ့ ကျွန်းပင်တွေကို ခုတ်တာပဲ၊ ဒါက ပိုင်ရှင်ရှိတယ် စိုက်ထားတာလို့ ပြောပေမယ့် မရဘူး၊ ငါတို့ ယူချင်တာယူမယ် မင်းတို့ ဘာမှ တားပိုင်ခွင့်မရှိဘူးလို့ပဲ ပြောတယ်။ အခုတော့ အေအေတွေက အကုန်ခုတ်ပစ်လိုက်တယ်၊ ဒီလိုလုပ်တာတော့ တရားလွန်လွန်းတယ်……” ဟု စိတ်ကောင်းစွာ ပြောသည်။
ပလက်ဝမြို့နယ်၊ မီးလက်ချောင်းတစ်လျှောက်တွင် အေအေတပ်ဖွဲ့နှင့် ကုန်သည်များသည် ဒေသခံများ စိုက်ပျိုးထားသည့် ကျွန်းပင်များ အပါအဝင် တောထဲရှိ သစ်မာများကို စည်းကမ်းမဲ့ ထုတ်ယူကာ စခန်းဆောက်လုပ်ရန်နှင့် ရခိုင်ပြည်နယ် ဘက်သို့ ပို့ဆောင်နေကာ စီးပွားဖြစ်လုပ်ကိုင်နေကြကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
ယခင်က ချင်းပြည်၊ ပလက်ဝမြို့နယ်အတွင်းရှိ သစ်များ၊ ဝါးများကို ရခိုင်ပြည်နယ်ဘက်က စီးပွားဖြစ် ထုတ်ယူသုံးစွဲမှုများ ရှိသော်လည်း အေအေ၏ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်လာမှုနောက်ပိုင်းတွင် ယခုကဲ့သို့ စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲမှုများ ပြုလုပ်လာကြခြင်း ဖြစ်သည်။
သတင်း – James Roe
