အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းကို CNF/CNA ကတာဝန်ယူဆောင်ရွက်ရန် အပါအဝင် အချက် ၅ ချက်ကို CNF/CNA နှင့် HPO/CDF Hualngo တို့ သဘောတူလက်မှတ်ရေးထိုး
ဩဂုတ်လ ၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းကို CNF/CNA ကတာဝန်ယူဆောင်ရွက်ရန် အပါအဝင် အချက် ၅ ချက်ကို CNF/CNA နှင့် HPO/CDF Hualngo တို့ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
CNF/CNA နှင့် HPO/CDF Hualngoram တို့သည် ချင်းလဲန်လွတ်မြောက်ရေးနှင့် ချင်းလဲန်တည်ဆောက်ရေးအတွက် ခိုင်မြဲစွာ လက်တွဲဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၅ချက်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင် လက်မှတ်ရေးထိုးကြခြင်းဖြစ်ကြောင်း ဆိုသည်။
သဘောတူညီချက်စာချုပ်တွင် CNF/CNA နှင့် HPO/CDF Hualngoram တို့သည် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရန်၊ Rihkhawdar မြို့အုပ်ချုပ်ရေးနှင့်ပတ်သက်၍ HPO တာဝန်ရှိသူများသည် CNA အမှတ် (၄) တပ်မဟာ၏ တပ်မဟာမှူးကို တာဝန်ခံရန်နှင့် တပ်မဟာမှူးထံ ပုံမှန်အစီရင်ခံရန်နှင့် တပ်မဟာမှူးနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရမည်။
CDF Hualngoram သည် CNA ၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် ရှိပြီး CNA သည် CDF Hualngoram တိုးတက်ရေးအတွက် တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ရန်နှင့် CNF/CNA သည် အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းကို တာဝန်ယူဆောင် ရွက်ရမည်။
လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် Rihkhawdar မြို့တွင် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးအတွက် အဆောက်အဦး၊ စီးပွားရေးရုံးအတွက် အချက်အခြာကျသည့် မြေနေရာ၊ ချင်းအမျိုးသား တပ်မတော်အတွက် လေ့ကျင့်ရေးကျောင်း သတ်မှတ်ရေး ကိစ္စများနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးဆောင်ရွက်ရန် သဘောတူညီလက်မှတ်ရေးထိုးကြောင်း ဖော်ပြထားသည်။
သတင်း – James Roe
