ကန်ပက်လက်မြို့နယ်တွင် အရပ်သားပြည်သူမည်သူမျှ စစ်ဘက်သုံးပစ္စည်းများ လက်ဝယ်ထားခြင်းနှင့် ရောင်းဝယ်ခြင်း မပြုလုပ်ရန် CDF-Kanpetlet က တားမြစ်
ဩဂုတ်လ ၇ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ကန်ပက်လက်မြို့နယ်တွင် အရပ်သားပြည်သူ မည်သူ့မျှ မောင်းပြန်ရိုင်ဖယ် အပါအဝင် မည်သည့် စက်ဘက်သုံးပစ္စည်းမျာကို လက်ဝယ်ထားရှိခြင်းနှင့် ရောင်းဝယ်ခြင်းမပြုလုပ်ရန် CDF-Kanpetlet မှ ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့နယ်အတွင်း CDF-Kanpetlet ၏ တာဝန်ပေးအပ်ခံရသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းမှအပ တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်၊ စစ်သုံးကျည်ဆံ၊ ဖောက်ခွဲရေးပစ္စည်း၊ စကားပြောစက်၊ Drone နှင့် စစ်ဘက်ဆိုင်ရာသုံး မည်သည့်ပစ္စည်းမဆို လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။
CDF-Kanpetlet က စုံစမ်းစစ်ဆေး တွေ့ရှိပါက စစ်ဘက်ဆိုင်ရာဥပဒေအရ ထိထိရောက်ရောက်အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
လက်ရှိတွင် CNF/ CNA သည် ကန်ပက်လက်မြို့နယ်အတွင်း အရပ်သားပြည်သူတချို့ကို တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်များ၊ Shotgun များ၊ ဆက်သွယ်ရေးအိုင်ဂွင်များ တပ်ဆင်ပေး၍ CDF – ကန်ပက်လက် ထိန်းချုပ် ဧရိယာတွင် နယ်မြေတည်ငြိမ် အေးချမ်းမှု မရှိစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်ဟု CDF-Kanpetlet က ဆိုသည်။
ကန်ပက်လက်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လူထု အသက်အိုးအိမ် စည်းစိမ်ကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ ၂၀၂၃ ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း CDF-Kanpetlet က ပြောသည်။
CDF-Kanpetlet အနေဖြင့် ကန်ပက်လက်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ပြီး တိုက်ပွဲဝင်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။
သတင်း – James Roe
