ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းခြင်းနှင့် ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိကြောင်း ULA/AA မှ ငြင်းဆိုးထားမှုကို အပေါ် GKO နှင့် GKYA က ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်
သြဂုတ်လ ၁၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ခရိုင်တစ်ခုအဖြစ် ထည့်သွင်းခြင်းနှင့် ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိဟု ငြင်းဆိုမှုကို Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) မှ ပြင်းထန်စွာကန့်ကွက်ကြောင်း ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်အခြေစိုက် Narinjara မီဒီယာက ဖော်ပြခဲ့ပြီး ယခု သြဂုတ်လ ၁၁ ရက်နေ့တွင် ULA/AA ပြောခွင့်ရ ဦးခိုင်သုခမှလည်း ချင်းပြည်၊ ပလက်ဝမြို့နယ်အား၊ ရခိုင်ပြည်နယ်၏ တရားဝင်ခရိုင်တစ်ခုအဖြစ် ထည့်သွင်း ကြောင်း ထပ်မံအတည်ပြုပြောဆိုခဲ့သည်။
ပလက်ဝပြည်သူလူထုအနေဖြင့် အာရက္ခပြည်သူ့အစိုးရ၏ ပလက်ဝနှင့်ပတ်သက်သော နိုင်ငံရေးရပ်တည်ချက်နှင့် အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ဆောင်ရွက်မှုများကို မည်သည့် အခါမျှလက်ခံခြင်းမရှိကြောင်း GKO နှင့် GKYA က ဆိုသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော နွေဦးတော်လှန်ရေး၏ အရှိန်အဝါကိုအကြောင်းပြု၍ ဒေသခံ ဌာနေချင်းတိုင်းရင်းသားပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းသည် မိမိတို့ ဒေသခံပြည်လူထု၏ နိုင်ငံရေးဖြစ်တည်မှုကို မျက်ကွယ်ပြုခြင်းဖြစ်သည်။
၎င်းအပြင် ပြည်ထောင်စုမြစ်ဖျားခံရာ ပင်လုံကတိကဝတ်စာချုပ်ပါအချက်များ၊ ခေတ်အဆက်ဆက်တွင် ကျင့်သုံးခဲ့သော မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒများအရ တည်ရှိခဲ့သည့် ချင်းပြည်နယ် နယ်နိမိတ်နှင့် ချင်းပြည်သူတရပ်လုံး၏ သဘောဆန္ဒကိုလည်း ချိုးဖျက်ခြင်းဖြစ်ပြီး အင်အားဗဟိုပြုသော ကိုလိုနီစနစ် တစ်ခုသာဖြစ်ပြီး ဒီမိုကရေစီစနစ်နှင့်လည်း ဆန့်ကျင်နေခြင်းဖြစ်ကြောင်း GKO နှင့် GKYA ပြောသည်။
AAတပ်ဖွဲ့မှ ပလက်ဝမြို့နယ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ထိန်းချုပ်ပြီး တစ်နှစ်ကျော်ကာလအတွင်း လူသတ်မှု (၆) ကြိမ်၊ မုဒိမ်းမှု (၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူ့အခွင့်အရေးမှတ်တမ်းများအရ သိရှိရသည်။
ထိုကဲ့သို့ အမှန်တကယ်ဖြစ်ခဲ့သော်လည်း အမှုမှန်ပေါ်ပေါက်လာရေးအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ဖော်ထုတ်ခြင်း မရှိဘဲ ပလက်ဝမြို့နယ်အတွင်း တရားဥပေဒစိုးမိုးရေး အားကောင်းသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ငြင်းဆိုခြင်းသည် နွေဦးတော်လှန်ပြည်သူ တစ်ရပ်လုံးအား မဟုတ်မမှန် ဝါဒဖြန့်ချီခြင်းသက်သက်သာဖြစ်ကြောင်း GKO နှင့် GKYA က ဖော်ပြထားသည်။
ULA/AA ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင်ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိဟု ငြင်းဆိုမှုကို Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း(GKYA) မှ ပြင်းထန်စွာကန့်ကွက်ကြောင်း ပူးတွဲထုတ်ပြန်ထားသည်။
သတင်း – James Roe
