အေအေတပ်ဖွဲ့ဝင်များ၏ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အချက်လက်များကို စုဆောင်းနေသည် ဟု IIMM ပြော
သြဂုတ်လ ၁၅ ရက်၊ ၂၀၂၅။
အေအေတပ်ဖွဲ့များ၏ ချင်းအမျိုးသမီးများပေါ် ကျူးလွန်သည့် မုဒိမ်းမှုများအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် သက်ဆိုင်သည့် အချက်လက်များကို စုဆောင်းနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဆိုသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ ရိုဟင်ဂျာလူမျိုးအပါအဝင် အရပ်သားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းဆေးမှု အစီရင်ခံစာတွင် IIMM က ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ယခု ယန္တရားမှာ အေအေတပ်ဖွဲ့ဝင်များ၏ စစ်ဝတ် သို့မဟုတ် အရပ်ဝတ်ဖြင့် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက် ရာဇဝတ်မှုများကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ စစ်သား၊ စစ်ဘက်သတင်းပေးအဖြစ် သံသယရှိသည့် အရပ်သားကို အကျဉ်းချုံးစစ်ရင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခေါင်းဖြတ်သတ်ခြင်း အပါအဝင် အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်သက်ဆိုင်သည့် အချက်အလက်များကို စတင်စုဆောင်နေကြောင်း IIMM အစီရင်ခံစာတွင် ဖော်ပြထားသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အေအေက ထိန်းချုပ်ပြီးနောက် ၎င်းတပ်ဖွဲ့ဝင်များ ကျူးလွန်သည့် မုဒိမ်းမှု အပါအဝင် ၅ မှုနှင့် လူသတ်မှု ၆ မှုထိရှိကြောင်း နိုင်ငံတကာခူမီးအဖွဲ့အစည်းနှင့် နိုင်ငံတကာခူမီး လူငယ်များအဖွဲ့အစည်းက သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ရိုဟင်ဂျာလူမျိုးများပေါ် ကျူးလွန်သော စစ်ကောင်စီနှင့် အေအေတို့၏ ရာဇဝတ်မှုများကို အချက်အလက် စုဆောင်းချက်များနှင့် စိစစ်သုံးသပ်ချက်များပါဝင်သည့် ဖိုင်တွဲပေါင်း ၃၇ ခုကို နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံးနှင့် အာဂျင်တီးနား ဖက်ဒရယ်အစိုးရ ရုံးအမှတ် (၉) သို့ မျှဝေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သတင်း – ဆလိုင်းခူသေ့

