စစ်ကော်မရှင်က ချင်းပြည်နယ် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပမည်ဟုဆို
ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၅။
လာမည့် ဒီဇင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်များကို စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ချင်းပြည်နယ်တွင် မြို့နယ်အားလုံးရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကို ချင်းပြည်နယ်၊ ၉ မြို့နယ်တွင် ပုံမှန်အတိုင်း နိုင်သူအကုန်ယူစနစ်(FPTP)ဖြင့် ပြုလုပ်မည် ဖြစ်သည်။
အမျိုးသားလွှတ်တော် ၁၂ နေရာ ရှိသည့်အနက် ၆ နေရာကို ခရိုင်တစ်ခုလျင် ၁ ဦးနှုန်း၊ နိုင်သူအကုန်ယူစနစ် (FPTP) ဖြင့် လည်းကောင်း၊ ကျန် ၆ နေရာကို တစ်ပြည်နယ်လုံး မဲဆန္ဒနယ်တစ်ခု သတ်မှတ်ပြီး အချိုးကျစနစ် (PR) ဖြင့် လည်းကောင်း ပြုလုပ်သွားမည် ဖြစ်သည်။
ပြည်နယ်လွှတ်တော် ၁၈ နေရာအတွက်လည်း ၉ နေရာကို တစ်မြို့နယ်လျင် တစ်ဦးနှုန်း၊ နိုင်သူအကုန်ယူစနစ် (FPTP) ဖြင့် လည်းကောင်း၊ ကျန် ၉ နေရာကို တစ်ပြည်နယ်လုံး မဲဆန္ဒနယ်တစ်ခုသတ်မှတ်ပြီး အချိုးကျစနစ် (PR) ဖြင့် လည်းကောင်း ပြုလုပ်သွားမည် ဖြစ်သည်။
ချင်းပြည်နယ် ၉ မြို့နယ်အနက် ၂ မြို့နယ်(တီးတိန်နှင့် ဟားခါးမြို့နယ်)ကလွဲ၍ ကျန် ၇ မြို့နယ်ကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသော်လည်း အီလတ်ထရေနစ်မဲပေးစနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်၍ စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
အမည်မဖော်လိုသူ ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူ ချင်းပညာရှင်တစ်ဦးက “ရွေးကောက်ပွဲက ပြီးပြီးရောနဲ့ လုပ်ရင် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လွတ်လပ်ပြီးတရားမျှတနဲ့ ရွေးကောက်ပွဲလို့တော့ ဘယ်လိုမှ ပြောလို့ရမှာ မဟုတ်ဘူး။ ဥပမာပြောရရင် အခုလုပ်မှာ ရွေးကောက်ပွဲစနစ် နှစ်ကိုရောပြီး လုပ်မှာဖြစ်တဲ့အတွက် သေချာတယ် မဲပေးမယ့်သူတွေအနေနဲ့ ဒီစနစ်ကိုသိဖို့ ပညာပေးအစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုအပ်တာပေါ့။ အခုအနေအထားနဲ့က ပညာပေးအစီအစဉ်တွေ ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတစ်ခုနဲ့တင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့…” ဟု ခူမီးမီဒီယာသို့ ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည်ဟု ကြေညာထားသည်။
သတင်း – ဆလိုင်းခူသေ့
