ပလက်ဝမြို့နယ်တွင် စက်လှေတိမ်းမှောက်၍ မိသားစုဝင် သုံးဦးအပါအဝင် လေးဦး ရေနစ်သေဆုံး
သြဂုတ်လ ၁၉ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လေမြိုချောင်းတွင် စက်လှေတိမ်းမှောက်၍ မိသားဝင် ၃ ဦး အပါအဝင် ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် သိရသည်။
သြဂုတ် ၁၆ ရက်နေ့ ဂါရာပြင်ကျေးရွာရှိ အာရက္ခတပ်တော်(အေအေ) ထံ အင်တာနက်သုံးစွဲရန် သွားရောက်ရာတွင် စက်လှေတိမ်းမှောက်၍ ရေနစ်သေဆုံးခြင်း ဖြစ်သည်။
“ပြည်တွင်းပြင်မှာ ရောက်နေတဲ့ မိသားစုဝင်တွေ၊ အသိဆွေမျိုး၊ မိတ်ဆွေတွေနဲ့ လူမှုရေးကိစ္စတွေ ပြောဖို့ သွားကြတာပါ။ ဂါရာပြင်ရွာက အေအေဆီမှာ ပိုက်ဆံပေးပြီး စတားလင့်ဝိုင်ဖိုင် သုံးလို့ရတယ်။ အဲဒါကြောင့် အဲဒီရွာကို သွားရင်း အခုလို ဖြစ်သွားတာပါ။” ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ရေနစ်သေဆုံးသူများသည် ခွေးခေါင်းကျေးရွာမှ ဦးစိုးနိုင်အောင်(၃၅) နှစ်၊ ဇနီးဖြစ်သူ ဒေါ်ထက်ထက်အောင်(၃၂) နှစ်၊ သမီးဖြစ်သူ မပန်ပန်း(၁) နှစ်ကျော်နှင့် စုတ်ချောင်းကျေးရွာမှ မဖြူဌေး၀င်း (၁၀) နှစ်ကျော် တို့ဖြစ်ကြသည်။
“လေမြိုချောင်း အနူတောင်မှာ စက်လှေ မှောက်တာပါ။ စက်လှေပေါ်မှာ လူ ရှစ်ယောက်ပါတယ်။ လေးယောက်က လွတ်သွားပြီး ကျန်တဲ့ ၄ ယောက် ရေနစ်သေဆုံးသွားတာပါ။ အလောင်းတွေကိုတော့ မြောက်ဦးမြို့နယ်မှာ ပြန်တွေ့တယ်။ ကျန်တဲ့ တစ်ယောက်ရဲ့အလောင်းက မတွေ့သေးဘူး။” ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ဦးစိုးနိုင်အောင်၏ အလောင်းကို မြောက်ဦးမြို့နယ် ချိတ်ချောင်းဆိပ်ကမ်း၊ ဒေါ်ထက်ထက်အောင်၏ အလောင်းကို ဘုရားကြီးဆိပ်ကမ်းနှင့် သမီးဖြစ်သူ မပန်ပန်း၏အလောင်းကို ကြက်ဖတောင်ဆိပ်ကမ်းတို့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
မဖြူဌေး၀င်း၏ အလောင်းကို ယနေ့ထိ ရှာမတွေ့သေးဘဲ ရှာဖွေမှုများ ဆောရွက်နေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ပလက်ဝမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေနစ်၍ လူ ၄ ဦးသေဆုံးပြီး တစ်ဦးသည် ပျောက်ဆုံးနေသည်။
သတင်း – အိုက်လင်း
