
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဟားခါးမြို့ နှင့် တီးတိန်မြို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမည်
သြဂုတ် ၂၁ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့ နှင့် တီးတိန်မြို့တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ သြဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။ လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဟားခါးနှင့် တီးတိန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်ရှိ ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပ သွားမည်ဖြစ်သည်။ ချင်းနှင့် ကယားတွင် ၂ မြို့နယ်၊ ရခိုင်နှင့် ကရင်တွင် ၃ မြို့နယ်၊ ကချင်တွင် ၆ မြို့နယ်၊ မန္တလေးတွင် ၈ မြို့နယ်၊ စစ်ကိုင်းတွင် ၁၂ မြို့နယ်၊ ပဲခူးတွင် ၈ မြို့နယ်တို့တွင် အပိုင်း (၁) ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်တွင် ၁၂ မြို့နယ်၊ ဧရာဝတီတွင် ၈မြို့နယ်၊ ရှမ်းတွင် ၁၂ မြို့နယ်၊ မွန်တွင် ၅မြို့နယ်၊ မကွေးတွင် ၉ မြို့နယ်နှင့် တနင်္သါရီတွင် ၄ မြို့နယ်တို့လည်း ပါဝင်သည်။ ချင်းပြည်နယ်ရှိ မြို့နယ်အားလုံးတွင် လာမည့် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဟားခါးနှင့် တီးတိန်မြို့တွင် အပိုင်း (၁) အနေဖြင့် အရင်ဆုံး ကျင်းပမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် ချင်းပြည်နယ်၏ ကိုယ်စားပြု ချင်းပါတီများဖြစ်သည့် ခူမီးအမျိုးသားပါတီ (KNP)၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) နှင့် ဇိုမီးအမျိုးသားပါတီ (ZNP) တို့က ဝင်ရောက် ယှဥ်ပြိုင်သွားမည် ဖြစ်သည်။ ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်မြို့ နှစ်ခုသာ စစ်ကောင်စီထိန်းချုပ်နိုင်ပြီး တီးတိန်မြို့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူလူထုနှင့်အတူ ဆန့်ကျင်တားဆီးသွားမည်ဖြစ်ကြောင်း PDF-Zoland က ထုတ်ပြန်ထားသည်။
သတင်း-အိုက်လင်း
