
စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နိုင်သောကြောင့် ကန်ပက်လက်မြို့နယ်သို့ ဝင်ရောက်နိုင်သည့် လမ်းပိုင်းများ CDF-Kanpatlet ယာယီပိတ်
သြဂုတ်လ ၂၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ကန်ပက်လက်မြို့နယ် သို့ မကွေးတိုင်း၊ ယောဒေသမှတဆင့် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်သည် အချိန်မရွေး ထိုးစစ်ဆင် တိုက်ခိုက်နိုင်ရန် ဦးတည်ချဥ်းကပ်လာနေသောကြောင့် ကန်ပက်လက်မြို့နယ်အတွင်းသို့ ဝင်ရောက်လာနိုင်သည့် လမ်းပိုင်းများအား ယာယီပိတ်ထားကြောင်း CDF-Kanpatlet က ဩဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ချင်းညီနောင် သိမ်းပိုက်ထိန်းချုပ်ထားသည့် ကန်ပက်လက်၊ မတူပီ၊ မင်းတပ်မြို့နယ်များသို့ ယောဒေသမှတဆင့် အင်အားအလုံးရင်းဖြင့် အချိန်မရွေး စစ်ကောင်စီသည် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် ဦးတည်ချဥ်းကပ်လာနေသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ ဆွဲလွဲကျင်း – ကျင်ဒွေး လမ်းပိုင်းနှင့် ဆော-ကန်ပက်လက် လမ်းပိုင်းအပြင် မကွေးတိုင်းမှ ကန်ပက်လက်မြို့နယ်အတွင်းသို့ ဝင်ရောက်လာနိုင်သည့် လမ်းပိုင်းများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း CDF-Kanpatlet က အသိပေးထားသည်။
ရန်သူ့ဘက်မှ အချိန်မရွေး ထိုးစစ်ဆင်လာနိုင်သည့်အတွက် ကန်ပက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေဖြင့်လည်း စစ်ရေးသတိရှိကြရန်နှင့် လေကြောင်းဒဏ်ခံနိုင်သည့် ဗုံးခိုကျင်း၊ ကတုတ်ကျင်းများ တူးပြီး သတိရှိရှိနေကြရန် CDF-Kanpatlet က တိုက်တွန်းထားသည်။
စစ်ယာဉ်တန်းမှာ မကွေးတိုင်း၊ လောင်းရှည် ကပစ(၂၅) မှ အင်အား (၈၀၀) ဝန်းကျင်ခန့် ၊ ဆိပ်ဖြူဖက်မှ တက်လာသည့် အင်အား(၄၀၀) ဝန်းကျင်ခန့် ၊ ပေါက်မြို့နယ်တွင် ရောက်ရှိလာသော ပခုက္ကူတပ်မ(၁၀၁) မှ တက်လာသည့် တင့်ကား(၂) စီး ၊ စစ်ကား(၁၃၆) စီး ပါဝင်ကြောင်း ဆိုသည်။
စစ်ကောင်စီသည် ယခုနှစ် ဒီဇင်ဘာ ၂၈ နေ့တွင် ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မယ်ဟု ကြေညာထားပြီး ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပမည့် မြို့နယ် ၁၀၂ မြို့နယ်ထဲတွင် ချင်းပြည်နယ်ထဲက တီးတိန်နှင့် ဟားခါး မြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။
သတင်း – James Roe
