ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ နိုင်ငံရေးရပ်တည်ချက်များနှင့် အုပ်ချုပ်ရေးစနစ်များ လက်ခံမည်မဟုတ်

ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ နိုင်ငံရေးရပ်တည်ချက်များနှင့် အုပ်ချုပ်ရေးစနစ်များ လက်ခံမည်မဟုတ်

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်အတွင်း၌ ULA/AA ၏ နိုင်ငံရေးရပ်တည်ချက်များနှင့် အုပ်ချုပ်ရေးစနစ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ပြည်တွင်း/ ပြည်ပရှိ ပလက်ဝဒေသခံ ချင်းပြည်သူလူထုများသည် လက်ခံမည် မဟုတ်ကြောင်း Khumi Association Japan(KAJ) က ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ချင်းပြည် နယ်နိမိတ်တွင် ပါဝင်သည့် ပလက်ဝမြို့နယ်အား ဒေသခံချင်းပြည်သူလူထု၏ သဘောတူညီမှု မရှိဘဲ ရခိုင်ပြည်နယ်၏ ၈ ခုမြောက်ခရိုင် တစ်ခုအဖြစ် ULA/AA က ကြေညာခြင်းသည် အာဏာရှင်စနစ်ကဲ့သို့ စစ်ရေးသိမ်းပိုက်မှုဖြစ်ပြီး ချင်းပြည်သူများအပေါ် လက်နက်အားကိုးကာ ကိုလိုနီပြုခြင်းဖြစ်ကြောင်း KAJ က ဆိုသည်။

ULA/AA သည် မြန်မာ့နွေဦးတော်လှန်ရေးကို မတရားအလွဲသုံးစားလုပ်၍ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်း၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုမရှိသည့် ULA/AA ၏ လုပ်ရပ်သည် မြန်မာနိုင်ငံတော်၏ အခြေခံဥပဒေမူများနှင့် ဆန့်ကျင်ခြင်း၊ ပင်လုံစာချုပ်အပါအဝင် မြန်မာ့နိုင်ငံရေးသမိုင်းနှင့် တရားဥပဒေစိုးမိုးရေးစနစ်ကို ချိုးဖောက်ခြင်းဖြစ်သည့်အပြင် ချင်းပြည်နယ်၏ ပြည်သူ့အခွင့်အာဏာကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။

ULA/AA က ပလက်ဝမြို့နယ်ကို ထိန်းချုပ်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍  ပလက်ဝမြို့နယ်တွင် လူသတ်မှု ၆ မှု၊ မုဒိမ်းမှု ၅ မှု၊ ဒေသခံနေအိမ်များတွင် ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ပိုင်နက်ကျူးကျော်နေထိုင်ခြင်း၊ ဘာသာရေးလွတ်လပ်မှုမရှိခြင်း၊ ဘာသာရေးအမှုဆောင်များကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်ခြင်း စသည့် အမျိုးမျိုးသော လူ့အခွင့်အရေး ဆိုးရွားစွာချိုးဖောက်မှုများ ပြုလုပ်ကြောင်း KAJ က ထောက်ပြသည်။

ထိုအမှုများကို ULA/AA က အမှုမှန်ပေါ်ပေါက်လာရေးအတွက် တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် ဖြေရှင်းမှု မရှိခြင်း၊ ပလက်ဝဒေသခံများ၏ သဘောထားများကို ဆန့်ကျင်၍ ပလက်ဝမြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှုရှိကြောင်း ULA/AA က ပြောဆိုနေခြင်းသည် တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုပြီး အာဏာရှင်ကွန်မြူနစ် လမ်းစဥ်အသွင် လူထုကိုလိမ်လည်ခြင်းသာဖြစ်ကြောင်း KAJ က ပြောသည်။

ထို့ကြောင့် ULA/AA အနေဖြင့် ပလက်ဝမြို့နယ်အရေးနှင့်ပတ်သက်၍ ချင်းပြည်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ပလက်ဝမြို့ နယ်မှ အမြန်ဆုံး ချက်ချင်းထွက်ခွာပေးရန် Khumi Association Japan (KAJ) က တောင်းဆိုထားသည်။

ချင်းပြည်သူလူထုများ၏ တောင်းဆိုမှုများကို ULA/AA အနေဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်တွင်း၊ ပြည်ပက ချင်းပြည်သူလူထုများ၏ ငြိမ်းချမ်းစွာ ဆန့်ကျင်ခြင်း(Resistance of the People) ကို ခံရမည်ဖြစ်ကြောင်း KAJ က သတိပေး ထုတ်ပြန်ထားသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *