
MRO/CDF-Matupi ၏ လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးမှု ရှုံံ့ချကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ထုတ်ပြန်
သြဂုတ် ၂၃ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မိမိဆန္ဒမပါဘဲ လူငယ်များ စစ်မှုထမ်းရန် MRO/CDF-Matupi ၏ ဖမ်းဆီးမှုပေါ် ရှုံ့ချကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ သြဂုတ် (၂၂) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မတူပီမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၅ ရက်နေ့မှစ၍ ယနေ့ထိ လူငယ်များ စစ်မှုထမ်းရန် MRO/CDF-Matupi မှ ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေသည်။
ထိုဖမ်းဆီးမှုတွင် အသက်မပြည့်သေးသည့် ကလေးများ၊ ကျောင်းသားများအပါအဝင် ကျောင်းဆရာများလည်း ပါဝင်နေသည့်အတွက် ကျောင်းများပါ ပိတ်ထားရသည်။
“ကျောင်းတွေမှာ အဓိက ပစ်မှတ်ထား ဖမ်းဆီးတာများတယ်။ ကျောင်းမှာဆို လူငယ်တွေများတယ်လေ။ ပြီးခဲ့တဲ့ သြဂုတ် ၆ရက်နေ့ဆို ကျောင်းသား ကျောင်းဆရာအပါအဝင် မတူပီမြို့မှာ လူပေါင်း ၈၀ လောက်အဖမ်းခံရတယ်။ ချန်းပြန်းရွာ ကျောင်းဝင်စီးတုန်းကဆို ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။”ဟု မတူပီမြို့နယ်ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ထိုသို့ လုပ်ဆောင်မှုကြောင့် သက်ကြီးရွယ်အို၊ မသန်စွမ်းသူများအပါအဝင်
အပြစ်မဲ့ပြည်သူ အများပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ပြည်သူများ စိတ်အနှောက်ယှက်ဖြစ်စေကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
MRO/CDF-Matupi သည် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းသာမက ချင်းပြည်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားလည် ပတ်နေသည့် ကျေးရွာများတွင် စခန်းအထိုင်ချခြင်း၊ ဂိတ်များထိုးခြင်း၊ စစ်မှုထမ်းရန် လူငယ်များကိုဖမ်းဆီးခြင်း ပြုလုပ်နေသည်။
MRO/CDF-Matupi အနေဖြင့် အပြစ်မဲ့ ပြည်သူများနှင့် လူငယ်များကို အာဏာရှင်ဆန်ဆန်မတရားဖိနှိပ်ချုပ်ချယ် အမိန့်ပေး ဖမ်းဆီးမှု လုပ်ဆောင်နေသည့်အပေါ် ချင်းပြည်အစိုးရ(CC)၏ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြင်းပြင်းထန်ထန်ရှုံ့ချထားသည်။
အလားတူ MRO/CDF-Matupi ၏ စစ်မှုထမ်းရန် လူငယ်များ ဖမ်းဆီးမှုပေါ် အိုင်ဒါပ်တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ရှုံ့ချထားသည်။
MRO/CDF-Matupi သည် ချင်းညီနောင် (CB)အဖွဲ့ဝင်ဖြစ်ပြီး အာရက္ခတပ်တော်(အေအေ)၏ မဟာမိတ်လည်းဖြစ်သည်။
သတင်း-အိုက်လင်း
Video #crd_to_owner_with_respect #khumimediagroup
