ZZLMS မဟာမိတ်ညီနောင်များ ပထမအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်
ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၅။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ ဖြစ်သည့် ZZLMS မဟာမိတ်ညီနောင်များသည် ZZLMS နယ်မြေ တစ်နေရာတွင် ပထမအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြောင်း ဩဂုတ် ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ZZLMS မဟာမိတ်ညီနောင်များအနေဖြင့် ZZLMS မဟာမိတ်ညီနောင် အချင်းချင်းကြား ပိုမိုသွေးစည်းညီညွတ်ရေး၊ ဘုံရန်သူကို အတူတကွ တွန်းလှန်ချေမှုန်းရေး၊ ZZLMS နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် ချင်းလဲန်းအတွင်း ပဋိပက္ခများချုပ်ငြိမ်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြည်သူများကို မျက်နှာမူ၍ ပြည်သူ့ဘက်တော်သား တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်နိုင်ရေး တို့အတွက် ZZLMS မဟာမိတ်ညီနောင်များအနေဖြင့် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှနှင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
ZZLMS ၏ ပူးပေါင်းစစ်ရေးလေ့ကျင့်နိုင်ရေးအတွက် အဘက်ဘက်မှ ပါ၀င်ကူညီပေးကြသော ပြည်တွင်း/ ပြည်ပရှိ ပြည်သူများ၊ စုဖွဲ့လေ့ကျင့်မှုပြီးဆုံးသည်အထိ ပါဝင်ခဲ့ကြသည့် ZZLMS တပ်ဖွဲ့ဝင်များ၊ မဟာမိတ် ညီနောင်များ၏ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုအား တာဝန်ယူဆောင်ရွက်ပေးကြသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြား ကျေးဇူးတင်ထိုက်သူများ အားလုံးအပေါ် ZZLMS မှ အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ZZLMS မဟာမိတ်ညီနောင်တွင် CDF-Zotung, CDF-Zophei,CDF-Lautu, CDF-Mara နှင့် Senthang Revolution Force တို့ပါဝင်ပြီး ချင်းပြည်တောင်ပိုင်း၊ ရေဇွာမြို့ကိုလည်း ZZLMS-Operation အမည်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။
သတင်း – James Roe
