
လောင်မ်ဆွီးကျေးရွာတွင် ခူမီးအမျိုးသားတစ်ဦးကို မရာလူမျိုး ၇ ဦးက ရိုက်နှက်မှု ဖြစ်ပွား
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ လောင်မ်ဆွီးကျေးရွာ(Longmasu) တွင် ရောက်ရှိနေသည့် ပလက်ဝမြို့နယ်မှ စစ်ရှောင်ပြည်သူ တစ်ဦးကို ဒေသခံ မရာလူမျိုးများမှ ရိုက်နှက်ခဲ့သောကြောင့် ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူရကြောင်း လောင်ဆွီးကျေးရွာရှိ စစ်ရှောင်များထံမှ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် သိရသည်။
လောင်မ်ဆွီးကျေးရွာရှိ ဒေသခံ မရာလူမျိုး ၇ ဦးက ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် လောင်မ်ဆွီးကျေးရွာ၌ အိမ်ထောင်ကျနေသည့် ပလက်ဝမြို့နယ်၊ ရှင်းလက်ချောင်း၊ ကင်ဝကျေးရွာမှ ၁၈ နှစ်အရွယ် ခူမီးလူမျိုး တစ်ဦးကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်များက ပြောသည်။
“ညဦးပိုင်းမှာ သူက မရာဈေးဆိုင်မှာ ကြက်ဥဝယ်ဖို့သွားခဲ့တယ်။ အဲဒီမှာ မရာတွေနဲ့ စကားများပြီးတော့ ပြန်လာခဲ့တယ်လို့ ပြောတယ်။ အဲဒီနောက်မှာ မရာတွေက သူ့အိမ်ကိုလိုက်လာပြီးတော့ သူ့အိမ်ပေါ်တက်ပြီး သူ့ကို ဝိုင်းပြီးထိုးကြိတ်ရိုက်နှက်ကြတာ။ ရိုက်နှက်ခံရတဲ့အတွက် ခေါင်းမှာ၊ မျက်နှာမှာ၊ မျက်ခုံးတွေမှာ အနာတွေအများကြီးရတယ်။ ဝမ်းဗိုက်ကိုလည်း ကန်တဲ့အတွက် ဗိုက်ထဲကလည်း တအားနာတယ်လို့ အော်တယ်။ သူ့ဇနီး၊ ယောက္မနဲ့ အနီးအနားကလူတွေက ညတွင်းချင်းပဲ ဆေးကုသဖို့အတွက် ကာကီကျေးရွာကို ပို့လိုက်ကြတယ်…” ဟု စစ်ရှောင် တစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ရိုက်နှက်ခံရသည့်အတွက် ဦးခေါင်း၊ မျက်နှာ ပေါက်ပြဲဒဏ်ရာနှင့် ဝမ်းဗိုက်အတွင်းထဲ နာကျင်ဒဏ်ရာများရရှိပြီး ညတွင်းချင်းမှာပင် ကာကီကျေးရွာသို့သွားရောက်၍ ဆေးကုသမှုခံယူနေရကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ဩဂုတ်လ ၁၇ ရက်ည ၇ နာရီဝန်းကျင်မှာ မရာလူမျိုး ၇ ယောက်က ခူမီးလူမျိုးတစ်ယောက်ကို ရိုက်နှက်တယ်။ ဒဏ်ရာတွေ အများကြီးရသွားတယ်။ ပြီးတော့ သူ့ယောက္ခမအိမ်ကိုလည်း ကျောက်ခဲနဲ့ ဝိုင်းပစ်ကြတယ်။ အဲဒါကို သွားပြီးဖြန်ဖြေတဲ့ နောက်ထပ် အသက် ၂၀ အရွယ် ခူမီးလူငယ် တစ်ဦးကိုလည်း ည ၈ နာရီဝန်းကျင်မှာ ထပ်ရိုက်ကြတယ်။ ဒါပေမယ့်သူက ထွက်ပြေးတဲ့အတွက် ဒဏ်ရာနည်းနည်းပဲ ရတယ်။ အဲဒီညမှာ သူတို့ရိုက်တာ ခူမီးလူမျိုး ၂ နှစ်ယောက်တောင်ပဲ။ ဒီကိစ္စကို ကျေးရွာအာဏာပိုင်တွေ(Village Council President) နဲ့ မရာလူငယ်အဖွဲ့တွေ (Mara Thyutlia Py) ကို တိုင်ကြားရင်လည်း ဘာမှဂရုမစိုက်ဘူး။ ဘာမှ အရေးမယူပေးဘူး…” ဟု နောက်ထပ် စစ်ရှောင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ကာရမိတ်ကျေးရွာမှ ပြောင်းရွေ့လာသည့် သားအဖနှစ်ဦးကိုလည်း မရာလူမျိုး ၅ ဦးက ရိုက်နှက်ကာ ကျောက်ခဲနှင့်ပစ်ပေါက်ခဲ့သောကြောင့် အဖေဖြစ်သူမှာ ခေါင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး VCP များနှင့် မရာလူငယ်အဖွဲ့များ(MTP) ထံတိုင်ကြားခဲ့သော်လည်း မည်သည့် အရေးယူဆောင်ရွက်မှု မရှိကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
လောင်းမ်ဆွီးကျေးရွာတွင် စစ်ဘေးရှောင် အိမ်ခြေ ၆၄ ဆောင်ရှိပြီး အမျိုးသား ၁၁၈ ဦး၊ အမျိုးသမီး ၁၂၆ စုစုပေါင်း ၂၄၄ ဦး ရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်အတွင်း အေအေ၏အုပ်ချုပ်ရေးယန္တရား လည်ပတ်လာသည့်အချိန်မှစ၍ အများစုမှာ ပလက်ဝဒေသခံများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ခိုလှုံလာကြခြင်းဖြစ်သည်။
သတင်း – James Roe
