တီးတိန်မြို့နယ်ရှိ မွှာလ်ဘဲမ်းရွာနှင့် ဇာန်ဇောလ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်
ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ မွှာလ်ဘဲမ်းရွာ (Mualbem)နှင့် ဇာန်ဇောလ်ရွာ(Zangzawl)ကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဩဂုတ်လ ၂၅ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
Mualbem ကျေးရွာထဲက Tuikhuk ရပ်ကွက်ဟောင်းထဲနှင့် ဇာန်ဇောလ်ရွာ(Zangzawl) ကျေးရွာ တို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သြဂုတ်လ ၂၅ ရက်နေ့ နေ့လယ် ၁နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိကြောင်းဒေသခံ တစ်ဦးထံမှ သိရသည်။
“မွာလ်ဘဲမ်းရွာမှာ ဗုံးငါးလုံးကြဲတယ်။ သုံးလုံးပေါက်ပြီး နှစ်လုံးတော့ မပေါက်ကွဲဘူး။ ဇာန်ဇောလ်ရွာမှာတော့ ဗုံးသုံးလုံး ကျရောက်ပေါက်ကွဲတယ်။ လူအထိအခိုက်တော့မရှိဘူး…” ဟု ဒေသခံတစ်ဦးက ပြောသည်။
Mualbem ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်မှုရှိသောကြောင့် အုပ်ချုပ်ရေးမှူး ဦးဟောက်ခန့်နန် ကို PDF-Zoland က ဖမ်းဆီးခဲ့ပြီး တစ်ပတ် ခန့်အကြာတွင် ယခုကဲ့သို့ လေကြောင်းဖြင့် တိုက်ခိုက်မှုရှိလာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။
မွာလ်ဘဲမ်းကျေးရွာသည် တီးတိန်မြို့မှ ၁၈မိုင်ခန့်ဝေးကွာပြီး ဇာန်ဇောလ်ကျေးရွာသည် မွာလ်ဘဲမ်းကျေးရွာမှ နှစ်မိုင်ခန့်အကွာတွင် တည်ရှိသောကျေးရွာဖြစ်သည်။
Mualbem ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တွင်လည်း လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံအရပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။
သတင်း – James Roe
