
သြဂုတ်လ ၂၆ ရက်၊ ၂၀၂၅။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်များအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးပြီး ကလေးများအပါအဝင် ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ သြဂုတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ ဒိုင်းကျီကျေးရွာ အလှူလုပ်နေသည့်နေအိမ်ကို ပေါင် ၅၀၀ ဗုံးသီးအပါအဝင် ဗုံးသီးနှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါဝင် အရပ်သား ၁၂ ဦးသေဆုံးပြီး ကလေးများအပါအဝင် ၂၀ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၈ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားသည်။
“ည လူတွေ အိမ်မောကျနေတဲ့ချိန် ပုံမှန်အခြေအနေမျိုးမှာ အလှူလုပ်မယ့်အိမ်ကို ဗုံးကြဲသွားတယ်။ ညဘက်ဆိုတော့ ပြင်ဆင်ထွက်ပြေးချိန် မရလိုက်ဘူးပေါ့။ ဒီမနက်စာရင်းအရတော့ ၁၂ ယောက် သေဆုံးတယ်။ ၂၀ ယောက်လောက် ဒဏ်ရာရတယ်။ အဲဒီဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်…”ဟု မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
စစ်ကောင်စီတပ်၏ ဒိုင်းကျီကျေးရွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ သေဆုံးမှုကို ULA/AA က ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး နိုင်ငံတကာအဖွဲ့အစည်းထံကို ပေးပို့သွားမည်ဟု ယနေ့ သြဂုတ် ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အလားတူ မြေပုံမြို့နယ်အစပ် မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာကိုလည်း ယနေ့ ဩဂုတ်လ ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်မှစ၍ ၄ နာရီအချိန်ထိ စစ်ကောင်စီက ဗုံးသီး ၃ လုံးထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
“ထိခိုက်မှုတော့ မရှိဘူး။ မင်းပြားနဲ့ မြေပုံအစပ်က ရွာပါ။ လေယာဥ်လာပြီး ခဏအကြာမှာ ကြဲသွားတာပါ…”ဟု ဖြစ်စဥ်သိရှိသူ ရခိုင်ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ထိုလေကြောင်း တိုက်ခိုက်မှုသည် အရပ်သားများ ထိခိုက်သေဆုံးမှု မရှိသော်လည်း အရပ်သားများနေထိုင်သည့် နေရာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သည့်အတွက် အရပ်သားပြည်သူများ စိုးရိမ်မှုမြှင့်တက်နေကြောင်း သိရသည်။
သတင်း-အိုက်လင်း
