MRO/CDF-Matupi သည် တစ်ဖက်သက် နယ်မြေကျူးကျော်လာပြီး စစ်ရေးပဋိပက္ခများ ဖြစ်ပွားလာစေရန် လုပ်ဆောင်မှုများရှိ
ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် MRO/CDF-Matupi သည် တစ်ဖက်သက် နယ်မြေကျူးကျော်လာပြီး စစ်ရေးပဋိပက္ခများ ဖြစ်ပွားလာစေရန် လုပ်ဆောင်မှုများရှိကြောင်း CDF-Matupi (ယခင်တပ်မဟာ-၂) က ဩဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မတူပီမြို့နယ်အတွင်း လက်နက်ကိုင်နှစ်ဖွဲ့ကြား ပြဿနာများဖြစ်ပွားနေသည့်အပေါ်တွင် MRO/CDF-Matupi အနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကို ထောက်ထား၍ လက်နက်ကိုင်ပဋိပက္ခများ နောက်ထပ် မဖြစ်ပွားရန် မည်သည့် ဆောင်ရွက်မှုများများမရှိကြောင်း CDF-Matupi(ယခင်တပ်မဟာ-၂) က ဆိုသည်။
MRO/CDF-Matupi အနေဖြင့် နှစ်ဖက်ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ်ဖြင့်သာ အကြိမ်ကြိမ်ပြောနေပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့်အပြင် လက်ရှိ ပဋိပက္ခအခြေအနေများကို ပိုဆိုးရွားလာအောင်သာ အမြဲလုပ်ဆောင်နေကြောင်း CDF-Matupi(ယခင်တပ်မဟာ-၂) က ပြောသည်။
MRO/CDF-Matupi သည် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းသာမက ကျူးကျော်တပ်စွဲထားသော CDF-Matupi(ယခင်တပ်မဟာ-၂) ထိန်းချုပ်နယ်မြေအတွင်းတွင် အသက်မပြည့်သေးသည့် ကျောင်းသားလူငယ်များ၊ ကျောင်းဆရာ/မများနှင့် CDM ဝန်ထမ်းများအား စစ်မှုမထမ်းမနေရ စနစ်ပြဌာန်းပြီး အတင်းအဓမ္မ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ပြည်သူများမျှော်လင့်နေသည့် နှစ်ဖက်ပြန်လည်ပေါင်းစည်းရေးကို လက်ခံသည့် လုပ်ရပ်မဟုတ်ဘဲ တဖက်သတ် အင်အားတည်ဆောက်ကာ စစ်ရေးပဋိပက္ခများ တိုးစေနိုင်သည့် လုပ်ရပ်သာဖြစ်ကြောင်း CDF-Matupi(ယခင်တပ်မဟာ-၂) က ဆိုသည်။
လက်ရှိတွင် ပြည်သူများသည် ထိတ်လန့်ဖြစ်နေပြီး CDF-Matupi(ယခင်တပ်မဟာ-၂) ထိန်းချုပ်နယ်မြေများမှ တခြားလွတ်မြောက်နယ်မြေများသို့ တောတောင်များမှတဆင့် ထွက်ပြေးတိမ်းရှောင်နေလျက်ရှိပြီး ဤလုပ်ရပ်များသည် ပြည်သူများကို အကာကွယ်ပေးသည့် လုပ်ရပ်များမဟုတ်ဘဲ အကျပ်အတည်းသို့ ရောက်စေနိုင်သည့် အာဏာရှင်၏ လုပ်ရပ်သာဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် CDF-Matupi(ယခင်တပ်မဟာ-၂) အနေဖြင့် MRO/CDF-Matupi ၏ လုပ်ရပ်များအား အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် အဖိနှိပ်ခံပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
MRO/CDF-Matupi က ထိန်းချုပ်နယ်မြေများ စစ်ကောင်စီလက်အောက် ပြန်မရောက်စေရေးနှင့် ချင်းပဋိပက္ခများအကြား ရှင်သန်ရပ်တည်နိုင်ရေးအတွက် စစ်ရေးတည်ဆောက်နိုင်ရန် မတူပီမြို့နယ်အတွင်း အသက် ၁၆ နှစ်မှ ၄၀ နှစ်အထိ ပြည်သူများအားလုံး စစ်မှုထမ်းရမည်ဟု ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ထိုသို့ တပ်သားသစ်စုဆောင်းရာတွင် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို နှောင့်ယှက်ခြင်း၊ ရန်မှုခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာမှ ခုခံကာကွယ်ခွင့် အပြည့်အဝရှိကြောင်းနှင့် စစ်မှုထမ်းအကြုံးဝင်သူများ ထွက်ပြေးပုန်းရှောင်ရန် အားပေးခြင်း၊ ပူးပေါင်းကူညီခြင်းများကို ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူမည်ဟု MRO/CDF-Matupi က အမိန့်ထုတ်ပြန်ထားသည်။
သတင်း – James Roe

