စစ်သုံ့ပန်း ၄၄ ဦးကို ULA/ AA လွှတ်ပေးသော်လည်း ပလက်ဝဒေသခံများ မပါဝင်
ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများထဲမှ ၄၄ ဦးကို ဩဂုတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ULA/ AA က ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပလက်ဝဒေသခံများနှင့် အခြားလူမျိုးများကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း အိမ်ထောင်စု ၁၅ စုက မိသားစုဝင် ၄၄ ဦးကို ULA/ AA သည် လူသားချင်းစာနာထောင်ထားသည့်အနေဖြင့် ၉ ကြိမ်မြောက် လွတ်ငြိမ်းခွင့်ကို ပလက်ဝမြို့၊ ကီမိုခန်းမတွင် အခမ်းအနားပြုလုပ်ကာ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
“အဖမ်းခံရတဲ့ စစ်သုံ့ပန်းတွေ အထဲမှာ ပလက်ဝဒေသခံတွေ ပါတယ်။ သူတို့က မလွှတ်ပေးဘူး။ အဖမ်းခံရတာ ကြာနေပြီလေ။ ဒီလောက်ဆို လွှတ်ပေးသင့်ပြီလေ။ သူတို့က ပလက်ဒေသခံ ခူမီးလူမျိုးနဲ့ တခြားလူမျိုးတွေကိုဆို မလွှတ်ပေးချင်ကြဘူး…” ဟု ပလက်ဝဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ULA/ AA သည် ၂၀၂၅ ခုနှစ်အတွင်း ပလက်ဝအပါအဝင် လွတ်ငြိမ်းခွင့်ပေးခဲ့သော စစ်သုံ့ပန်းနှင့် မိသားစုဝင်ပေါင်း ၁၈၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်အခြေစိုက် မီဒီယာများတွင် ဖော်ပြထားသည်။
“ရခိုင်လူမျိုး သုံ့ပန်းတွေကိုတော့ ထောင်ဝင်စာ တွေ့လို့ရတယ်။ ပို့လို့ရတယ်။ ခူမီးလူမျိုးတွေကိုတော့ တွေ့လို့လည်းမရဘူး။ ထောင်ဝင်စာ ပို့လို့လည်းမရဘူး။ သူတို့ ချုပ်ထားတယ်လို့ပဲ သိရတယ်။ တစ်ခါတလေ သူတို့တွေ အလုပ်လုပ်တဲ့အခါ အဝေးကနေပဲ မြင်ရတယ်။ ဒါပေမဲ့ စကားပြောလို့မရဘူး။ တအား စိတ်မကောင်းဖြစ်ရတယ်…” ဟု မိသားစုဝင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ULA/AA ၏ ဖမ်းဆီးခံရသည့် သုံ့ပန်းများအထဲတွင် ပလက်ဝဒေသခံ ခူမီးလူမျိုးများ ပြန်လည်လွတ်လာရန် မိသားစုဝင်များက စောင့်မျှော်နေကြသည်။
သတင်း – James Roe
