မင်းတပ်မြို့နယ်တွင် အာဏာသိမ်း ငါးနှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၀ ဦး သေဆုံးပြီး ၁၂၀ ဦး ထိခိုက်ဒဏ်ရာရ
ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် အာဏာသိမ်း ငါးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၄၀ ဦး သေဆုံးပြီး ၁၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ် မေလ၂၇ ရက်နေ့မှ စ၍ ၂၀၂၅ခုနှစ် ဩဂုတ်လ ၃ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၇၆ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၃၂၉ လုံးဝန်းကျင်ကြဲချခဲ့ရာ အရပ်သား ၄၀ ဦး ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အရပ်သားပြည်သူနေအိမ် ၁၇၂ လုံး၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းအပါအဝင် အစိုးရအဆောက်အဦ ၄၀ ခုနှင့် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းစသည့် ဘာသာရေးအဆောက်အဦ ၁၈ ခု တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
သေဆုံး၊ ဒဏ်ရာရသူများနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုများအတွက် တတ်နိုင်သ၍ အထောက်အပံ့များပေးခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံနှင့် ဘုရားကျောင်းများ ပြန်လည်ပြင်ဆင်ခြင်း၊ အသစ် ပြန်ဆောက်ခြင်းများ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနှင့် ကူညီပေးခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းသည် ၂၀၂၄ခုနှစ် နိုဝင်ဘာ ၉ ရက် နေ့မှ ဒီဇင်ဘာလ၂၁ ရက်အထိ CDF-Mindat နှင့် မဟာမိတ်များက ဆင်နွှဲခဲ့သော မင်းတပ်မြို့သိမ်းတိုက်ပွဲ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၀၀ကျော်နှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများထည့်သွင်း ရေတွက်ထားခြင်းမရှိကြောင်း ပြောသည်။
မင်းတပ်မြို့ပေါ်တွင် လေကြောင်း အန္တရာယ်ကြောင့် ပြည်သူများအနည်းငယ်သာ ပြန်လည်အခြေချနေထိုင်ပြီး မြို့အနီးဝန်းကျင်တွင် တောင်ယာများ လုပ်ကိုင်၍ ရံဖန်ရံခါသာ မြို့အတွင်းပြန်လည်နေထိုင်ကြကြောင်း သိရသည်။
သတင်း – James Roe
