CDF – Kanpatlet ပိတ်ထားသည့်လမ်းကို အမြန်ဆုံးဖြတ်သန်းခွင့်ပြုပေးရန် ကယ်ရီသမားများ တောင်းဆို
ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် လမ်းပိုင်းများအားလုံးကို စစ်ရေးအခြေအနေများကြောင့် CDF – Kanpatlet က ပိတ်ထားခြင်းကြောင့် ကုန်ပစ္စည်းများနှင့် ပိတ်မိနေသည့် ဆိုင်ကယ်ကယ်ရီသမားများကို ဖြတ်သန်းသွားခွင့်ပေးကြရန် တောင်းဆိုနေကြကြောင်း ကယ်ရီသမားများထံမှ ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် သိရသည်။
CDF – Kanpelet က စစ်ရေးအခြေအနေများကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့ကစ၍ မကွေးတိုင်းမှ ကန်ပက်လက်မြို့နယ်အတွင်းသို့ ဝင်ရောက်လာနိုင်သည့် လမ်းပိုင်းများအားလုံးကို ယာယီပိတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အသွား/အလာပိတ်လိုက်ခြင်း ဖြစ်သည်။
“လမ်းကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက စပိတ်လိုက်တာ။ အဲဒီမှာ အားလုံးပိတ်မိနေတော့တာပဲ။ ပိတ်မိတဲ့ နေရာတွေကမတူကြဘူး။ ဆောနယ်ထဲမှာ၊ ကန်ပက်လက်မြို့နယ်အစပ်မှာ ပိတ်မိတာပါ။ အားလုံးက ကုန်သယ်ဖို့အတွက် အသွား/အပြန် ဆိုပြီးသွားကြတာ။ ခုတော့ ပိတ်မိနေတဲ့အတွက် နေထိုင်၊ အစားသောက်တွေ ဒုက္ခရောက်နေကြပြီ။ အဲဒီအတွက် လမ်းပြန်ဖွင့်ဖို့ တောင်းဆိုကြတာပါ…” ပိတ်မိနေသည့် ပလက်ဝဒေသခံ ကယ်ရီသမားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပိတ်မိနေသူများမှာ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှ ဒေသခံ ဆိုင်ကယ်ကယ်ရီသမား အများစုနှင့် ရခိုင်ပြည်နယ်မှ ကုန်သည်များဖြစ်ကြပြီး ပစ္စည်းများကို အချိန်မီတင်ပို့မှု မလုပ်နိုင်လျှင် ပစ္စည်းများ အလေအလွင့်ဖြစ်နိုင်သည့် အခြေအနေရှိကြောင်း ကုန်သည်များက ပြောသည်။
ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မှ ကုန်သည်များသည် ကား၊ ဆိုင်ကယ်များနှင့် ကန်ပက်လက်မြို့နယ်ကို ဖြတ်ပြီး မကွေးတိုင်း၊ ဆောမြို့နယ်တွင် ကုန်စည်များဝယ်ယူပြီး ပြန်လည်၍ ဒေသအတွင်း ရောင်းချနေကြခြင်း ဖြစ်သည်။
လက်ရှိ ကန်ပက်လက်မြို့နယ်တွင် ကုန်ပစ္စည်းများ သယ်ဆောင်ရန်လာသည် ဆိုင်ကယ်အစီး ၂၀ ကျော်ဝန်းကျင်နှင့် ကားများ ပိတ်မိနေခြင်းဖြစ်သည်။
သတင်း – ပီတာ
