NCC ပါတီ ဥက္ကဋ္ဌ အဖြစ် ချင်းပြည်နယ်ဝန်ကြီးဟောင်း ဦးစိုးထက်မှ တာဝန်ယူ
သြဂုတ် ၂၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ချင်းပါတီတစ်ခုဖြစ်သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) ဥက္ကဋ္ဌ အဖြစ် ချင်းပြည်နယ် ဝန်ကြီးဟောင်း ဦးစိုးထက် မှ တာဝန်ယူထားကြောင်း MRTV ၏ ယမန်နေ့ည သြဂုတ် ၂၇ ရက်နေ့တွင် ထုတ်ပြန်ချက်အရ သိရသည်။
NCC ပါတီသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၆ နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
လာမည့် ဒီဇင်ဘာလတွင် အာဏာသိမ်း စစ်ကော်မရှင်က ဦးစီးကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် NCC ပါတီသည် ချင်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်သွားမည် ဖြစ်သည်။
NCC ပါတီ ဥက္ကဋ္ဌ ဦးစိုးထက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ချင်းပြည်နယ်၏ စည်ပင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သည်။
ဝန်ကြီးအဖြစ် တာဝန်ယူ ထမ်းဆောင်စဥ်က ပလက်ဝမြို့နယ် စစ်ဘေးရှောင်အရေးကို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးသည့်အတွက် ပြည်သူများ လေးစားချစ်ခင်ရရှိထားသူ ဖြစ်သည်။
ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကိုယ်စားပြုပြီး အနိုင်ရရှိထားသူလည်း ဖြစ်သည်။
ဦးစိုးထက်သည် ပလက်ဝမြို့ဇာတိ ခူမီး(ချင်း) လူမျိုးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိထားကာ မြန်မာ တပ်မတော်ထဲတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။
လာမည့် အာဏာသိမ်း စစ်ကော်မရှင်က ဦးစီးပြီးကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) အပြင် ဇိုမီးအမျိုးသားပါတီ (ZNP) နှင့် ခူမီးအမျိုးသားပါတီ (KNP) တို့ ဝင်ရောက်ယှဥ်ပြိုင်မည် ဖြစ်သည်။
သတင်း – အိုက်လင်း
