ယင်လုံအိမ်သာမရှိခြင်းကြောင့် လူမှုဘဝကျဆင်းနေသော ဒိုင်ရ်ဒေသ
==================================
၁။နိဒါန်း
ချင်းပြည်နယ်အတွင်းရှိ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီနှင့် မင်းတပ်မြို့နယ်များရှိ အစွန်အဖျားဒေသများတွင် နေထိုင်ကြသော ဒိုင်ရ်(ချင်း) လူမျိုးများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် အခြေခံအဆောက်အဦးများ မလုံလောက်မှုတို့ကြောင့် ဆင်းရဲမွဲတေမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်။
ဤဒေသများတွင် ယင်လုံအိမ်သာ မရှိခြင်းသည် ကျန်းမာရေး၊ လူမှုဘဝနှင့် စီးပွားရေးဖွံ့ဖြိုးမှုအပေါ် သိသာထင်ရှားသော ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ ဤဆောင်းပါးသည် ဒိုင်ရ်ဒေသခံများ၏ ဘဝအခက်အခဲများကို ဒေသခံများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ အသံများနှင့်အတူ အသေးစိတ် ဖော်ပြထားပြီး၊ ဤပြဿနာကို ဖြေရှင်းရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဆွေးနွေးထားသည်။
၂။ ယင်လုံအိမ်သာမရှိခြင်း၏ ဆိုးကျိုးများ
ဒိုင်ရ်ဒေသတွင် အိမ်ထောင်စု ၄,၅၀၀ ခန့်နှင့် လူဦးရေ ၃၀,၀၀၀ ထက်မနည်း ရှိသည်ဟု ဒိုင်ရ်ဒေန္တရကောင်စီ (DRC)၏ စာရင်းများအရ သိရသည်။ သို့သော် အိမ်ထောင်စု ၁၀ စုလျှင် ၃ စုခန့်သည် ယင်လုံအိမ်သာ မရှိကြပေ။ ဤအခြေအနေသည် သန့်ရှင်းရေးအလေ့အကျင့်များကို ထိခိုက်စေပြီး ဝမ်းလျှောဝမ်းပျက်ရောဂါ၊ သွေးဝမ်းသွားခြင်းနှင့် ကာလဝမ်းရောဂါစသည့် ရောဂါများ ပြန့်ပွားမှုကို တိုးပွားစေသည်။
၂၀၂၄ ခုနှစ်တွင် ပလက်ဝနှင့် မင်းတပ်မြို့နယ်များရှိ ဒိုင်ရ်ဒေသများတွင် ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးခန့် ရှိခဲ့သည်ဟု စာရေးသူ၏ မေးမြန်းမှုကို ဒိုင်ရ်ဒေသန္တရကောင်စီ(DRC) တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဤရောဂါသည် နှစ်စဉ်မိုးတွင်းကာလတွင် အဖြစ်များပြီး၊ ယင်လုံအိမ်သာမရှိခြင်း၊ သောက်သုံးရေ သန့်ရှင်းမှုမရှိခြင်းနှင့် ဆေးဝါးပြတ်လပ်မှုတို့ကြောင့် ပိုမိုဆိုးရွားလျက်ရှိသည်။
ဒေသ ၂ ဒိုင်ရ်ဒေသရှိ ဒေသခံအမျိုးသားတစ်ဦးက “ကျွန်တော်တို့ရွာမှာ အိမ်သာမရှိတဲ့အိမ်တွေ အများကြီးပါ။ တောင်ယာမှာဆိုရင် အိမ်သာမဆောက်ထားသူတွေက ပိုများတယ်။ မြစ်ချောင်းတွေ၊ ရွာအပြင်ဘက် ချုံပုတ်တွေမှာ အညစ်အကြေးတွေ စွန့်ပစ်ကြရတယ်။ ဒီဒေသဟာ အရမ်းခေါင်တဲ့နေရာဖြစ်တော့ ယင်လုံအိမ်သာ မလိုအပ်ဘူးလို့ ထင်ကြတယ်။ အချို့အိမ်တွေကတော့ ဆောက်ထားကြပါတယ်” ဟု ပြောသည်။
ယင်လုံအိမ်သာမရှိခြင်းသည် သောက်သုံးရေကို ညစ်ညမ်းစေပြီး၊ ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ဝမ်းရောဂါဖြစ်ပွားမှုနှုန်း ပိုမိုများပြားစေကာ သေဆုံးမှုအထိ ဖြစ်ပေါ်စေသည်။ ထို့အပြင် ဒေသတွင်း ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ပြတ်လပ်မှုသည် ပြဿနာကို ပိုမိုဆိုးရွားစေသည်။
၃။ လူမှုဘဝအပေါ် သက်ရောက်မှုများ
ယင်လုံအိမ်သာမရှိခြင်းသည် ကျန်းမာရေးပြဿနာများသာမက လူမှုဘဝအပေါ်လည်း ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ လူ့အညစ်အကြေးများကို စနစ်တကျ မစွန့်ပစ်နိုင်ပါက ယင်ကောင်များနှင့် ပိုးမွှားများမှတစ်ဆင့် ရောဂါများ ပြန့်ပွားနိုင်သည်။ ထို့အပြင် အနံ့ဆိုးနှင့် ပတ်ဝန်းကျင်မညီညွတ်မှုများက နေ့စဉ်ဘဝအရည်အသွေးကို ထိခိုက်စေသည်။
ဒေသ ၄ ဒိုင်ရ်ဒေသရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “အိမ်သာမရှိတာက ကျန်းမာရေးပြဿနာတွေရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဆေးဝါးနဲ့ ဝန်ထမ်းပြတ်လပ်မှုက ကျွန်မတို့အလုပ်ကို ပိုမိုခက်ခဲစေတယ်။ ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးမှုတွေက စိတ်မကောင်းစရာပဲ။” ဟု ပြောသည်။
အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆိုးရွားလာခဲ့ပြီး ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ပြတ်လပ်မှုက ပြဿနာကို ပိုမိုဆိုးရွားစေပြီး လူသေဆုံးမှုအထိ ဖြစ်စေသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများအတွက် အိမ်သာမရှိခြင်းသည် ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည်။
ဒေသ ၂ ဒိုင်ရ်ဒေသရှိ အမျိုးသမီးတစ်ဦးက “အိမ်သာမရှိတော့ ညဘက်ဆိုရင် အပြင်ထွက်ရမှာကို ကြောက်ရတယ်။ မိန်းကလေးတွေအတွက် အန္တရာယ်များတယ်။ တခါတလေ အရှက်ရမှုတွေလည်း ကြုံရတယ်” ဟု ပြောသည်။
ညအချိန်တွင် အပြင်ထွက်ရမှုကြောင့် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရနိုင်ခြေ ပိုမိုများပြားသည်။ ဤအခြေအနေသည် ကျား/မတန်းတူမှုပြဿနာကို ပိုမိုဆိုးရွားစေသည်။
၄။ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှု
ယင်လုံအိမ်သာမရှိခြင်းသည် ဒေသခံများ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည်။ ဒိုင်ရ်လူမျိုးအများစုသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပြီး၊ ရောဂါများကြောင့် လုပ်ငန်းခွင်ထဲတွင် တောင်ယာထွက်ကုန်များ ထုတ်လုပ်နိုင်မှု ကျဆင်းစေသည်။
ဒေသ ၂ ဒိုင်ရ်ဒေသရှိ အမျိုးသမီးတစ်ဦးက “ကျွန်မမိသားစုက တောင်ယာလုပ်ပြီး အသက်မွေးရတယ်။ ဒါပေမယ့် ရောဂါဖြစ်တဲ့သူတစ်ယောက်ရှိရင် တစ်မိသားစုလုံး အလုပ်ပျက်ရတယ်။ ဝင်ငွေလည်း လျော့သွားတယ်” ဟု ပြောသည်။
ဤအခြေအနေသည် ဆင်းရဲမှုလျှော့ချရေးကို အဟန့်အတားဖြစ်စေသည်။ ဒိုင်ရ်ဒေသခံများ အနေဖြင့် ယင်လုံအိမ်သာ တည်ဆောက်မှု အားနည်းခြင်းသည် ငွေကြေးမလုံလောက်မှုကြောင့် မဟုတ်ဘဲ အလေ့အထ အားနည်းခြင်းကြောင့် ဖြစ်သည်။
၅။ ဖြေရှင်းနည်းများ
ဒေသခံများအနေဖြင့် သန့်ရှင်းရေးအလေ့အကျင့်များကို လိုက်နာရန်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ယင်လုံအိမ်သာမရှိခြင်းပြဿနာကို ဖြေရှင်းရန် ရိုးရှင်းသော အိမ်သာများ တည်ဆောက်ပေးရန်နှင့် ကျန်းမာရေးအသိပညာပေးရေး လှုပ်ရှားမှုများ ဆောင်ရွက်ရန် လိုအပ်သည်။
ဒေသ ၂ ဒိုင်ရ်ဒေသရှိ အမျိုးသားတစ်ဦးက “ကျွန်တော်တို့ဒေသမှာ လမ်းပန်းဆက်သွယ်ရေးရော၊ အခြေခံအဆောက်အအုံတွေရော အားနည်းနေတယ်။ ယင်လုံအိမ်သာတွေ တည်ဆောက်ဖို့နဲ့ ကျန်းမာရေးအသိပညာပေးရေး လှုပ်ရှားမှုတွေ လုပ်ဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ လိုအပ်မယ်။” ဟု အကြံပြုသည်။
ဒိုင်ရ်ဒေသန္တရကောင်စီ (DRC)၏ တာဝန်ရှိသူတစ်ဦးက ယင်လုံအိမ်သာများ ဆောက်လုပ်ရန် အဆင့်ဆင့် ညွှန်ကြားထားသည်ဟု ပြောဆိုထားသော်လည်း လက်တွေ့အကောင်အထည်ဖော်မှုနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ မရှိသေးပေ။ ဒိုင်ရ်ဒေသန္တရကောင်စီ(DRC) ၏ ကျန်းမာရေးဌာနမှ အသိပညာပေးလှုပ်ရှားမှုများကို အရေးတကြီး ဆောင်ရွက်ရန် လိုအပ်သည်။
မင်းတပ်မြို့နယ်၊ ဒေသ ၄ ဒိုင်ရ်ဒေသရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဒေသခံတွေကိုယ်တိုင်လည်း သူတို့ရဲ့ဘဝအတွက် တာဝန်ယူဖို့ လိုတယ်။ ရိုးရှင်းတဲ့ ယင်လုံအိမ်သာတွေကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နိုင်ဖို့ အသိပညာပေးပြီး အကူအညီတွေပေးဖို့ လိုအပ်တယ်” ဟု အကြံပြုသည်။
ရိုးရှင်းသော ယင်လုံအိမ်သာများ တည်ဆောက်ခြင်းသည် ရေရှည်တွင် ရေညစ်ညမ်းမှုကို လျှော့ချပေးနိုင်ပြီး၊ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဒေသခံများအနေဖြင့် အိမ်သာတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ရန်နှင့် သန့်ရှင်းရေးအလေ့အကျင့်များကို လိုက်နာရန် လိုအပ်သည်။
ဒေသ ၂ ဒိုင်ရ်ဒေသရှိ အမျိုးသားတစ်ဦးက “ကျွန်တော်တို့ဒေသမှာ အာဏာပိုင်တွေက အိမ်သာတွေ မဆောက်မနေရ အမိန့်ထုတ်သင့်တယ်။ ပြီးတော့ ကျန်းမာရေးအသိပညာပေးတဲ့ အစီအစဉ်တွေ လုပ်ပေးရင် ကျွန်တော်တို့ဘဝတွေ ပိုပြီး လုံခြုံလာမယ်၊ ကျန်းမာလာမယ်လို့ မျှော်လင့်တယ်။” ဟု ပြောသည်။
၆။ နိဂုံး
ဒိုင်ရ်ဒေသသည် အခြေခံအဆောက်အအုံ မလုံလောက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျကျန်နေရသည့် ဒေသတစ်ခုဖြစ်သည်။ သို့သော် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များနှင့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယင်လုံအိမ်သာမရှိခြင်းပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
ရိုးရှင်းသော အိမ်သာများ တည်ဆောက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းသည် ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ဒေသခံများ အနေဖြင့် ယင်လုံအိမ်သာ မဆောက်ကြခြင်းသည် ငွေကြေးခက်ခဲမှုကြောင့် မဟုတ်ဘဲ အလေ့အထ မရှိခြင်းကြောင့် ဖြစ်သည်။
ဤမျှော်လင့်ချက်သည် ဒိုင်ရ်ဒေသခံများ၏ အနာဂတ်ကို ပိုမိုတောက်ပစေရန် လှုံ့ဆော်မှုတစ်ခု ဖြစ်လာနိုင်သည်။ ယင်လုံအိမ်သာ တည်ဆောက်ခြင်းနှင့် သန့်ရှင်းရေးအသိပညာပေးခြင်းသည် ဒိုင်ရ်ဒေသ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်တစ်ခု ဖြစ်လာမည်မှာ သေချာသည်။
ဒေသခံများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဤစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး၊ ဒိုင်ရ်လူမျိုးများ၏ ဘဝအရည်အသွေး ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်မျှော်လင့်ပါသည်။
ဆမ်မာန်း
