မလေးရှားတွင် သင်းခွေချပ် ဖမ်းဆီးမှုဖြင့် ခူမီး(ချင်း)အမျိုးသား ၇ ဦးကို တရားရုံးမှ ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်
သြဂုတ်လ ၃၀ ရက်၊ ၂၀၂၅။
မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်တွင် တားမြစ်သည့် သင်းခွေချပ် ဖမ်းဆီးမှုဖြင့် ခူမီး(ချင်း) အမျိုးသား ၇ ဦးကို တရားရုံးမှ ထောင်ဒဏ် ၈ နှစ် နှင့် ၄ လ ချမှတ်ကြောင်း မလေးရှားရောက် ခူမီးအမျိုးသားများထံမှ သိရသည်။
ပါဟန်းပြည်နယ်ရှိ ချင်းလူမျိုးများအစု လုပ်ကိုင်နေသည့် စိုက်ပျိုးရေးခြံတွင် ပြီးခဲ့သည့်လတွင် မလေးရှားအာဏာပိုင်အဖွဲ့မှ ဝင်ရောက်စစ်ဆေးစဥ် ဖမ်းဆီးထားသည့် သင်းခွေချပ် အရေခွံများ တွေ့ရှိသည့်အတွက် ခူမီး(ချင်း) အမျိုးသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ထို့နောက် မလေးရှား သစ်တောဌာနမှ သင်းခွေချပ် အခွံ ၄၇၇ ခု လက်ဝယ်တွေ့ရှိမှု၊ သားကောင်ဖမ်းရန် ကြိုးလက်ဝယ်တွေ့ရှိမူ၊ ကြံ့သူတော်အကောင် အရိုးတွေ့ရှိမူ၊ အသားခြောက် တွေ့ရှိမူတို့ဖြင့် တရားရုံးစွပ်စွဲခြင်းခံရခြင်း ဖြစ်သည်။
“စိုက်ပျိုးရေးမှာ အလုပ်လုပ်တဲ့သူတွေပါ။ သင်းခွေချပ် ဖမ်းဆီးမှုနဲ့ ဖမ်းဆီးခံရတာ ကြာပြီ။ ဖမ်းဆီးခံရပြီး သင်းခွေချပ် ဖမ်းဆီးမူနဲ့ တရားစွဲတယ်။ မနေ့က တရားရုံးက အမိန်ချတာပါ…” ဟု မလေးရှားရောက် ခူမီး(ချင်း) အမျိုးသားတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ယမန်နေ့ သြဂုတ် ၂၉ ရက်နေ့တွင် ပါဟန်းပြည်နယ်၊ တမာလူးတရားရုံးမှ ခူမီး(ချင်း) အမျိုးသား ၇ ဦးကို ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ် မလေးရှား ရင်းဂစ် ၁၅၀၀၀၀ ချမှတ်ပြီး ငွေဒဏ်မပေးဆောင်နိုင်ပါက ငွေဒဏ်အစား ထောင်ဒဏ်(၂) နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့သည်။
ဖမ်းဆီးထောင်ချခံရသူများသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိုက်စိန်လှ၊ အိုက်ဟွေ့နှင်း၊ အိုက်ထွန်းလင်းကျော်၊ အိုက်ရန်နိုင်ဦး၊ အိုက်မိုင်ကယ်၊ အိုက်ပီစိုးထိုက်၊ အိုက်ကျော်ထွန်းအောင်တို့ဖြစ်သည်။
မလေးရှားနိုင်ငံသစ်တော့အက်ဥပဒေပြဌာန်းချက် တွင် သင်းခွေချပ်အခွံတစ်ခုတန်းဖိုးသည် မလေးရှားရင်းဂစ် ၁၅၀၀၀ ရှိပြီး၊ သင်းခွေချပ်တစ်ကောင်ဖမ်းဆီးပြစ်ဒဏ်သည် ထောင်ဒဏ် ၁၅ နှစ်အထိ ပေးနိုင်သည်ဟု ပြဌာန်းထားသည်။
သတင်း-အိုက်လင်း
