ACR ရုံး၀န်ထမ်းများမှ အမှုတွဲဆိုင်ရာ အကြံပေးဆွေးနွေးမှုများ စတင်ပြုလုပ်ပေးသွားမည်
ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၅။
မလေးရှားရောက် ချင်းလူမျိုးများမှာ မိမိတို့၏ ဒုက္ခသည်အမှုတွဲ(case) များအကြောင်း သေချာနားမလည်ဘဲ UNHCR ကဒ်တစ်ခုသာလိုချင်ပြီး ပြင်ပြင်ဆင်ဆင်မဖြစ်ကြခြင်းနှင့် ဒုက္ခသည်အမှုတစ်ခု၏ အရေးပါခြင်းကို နားလည်သဘောပေါက်ထားခြင်း မရှိသောကြောင့် ACR ရုံး၀န်ထမ်းမှ အမှုတွဲဆိုင်ရာ အကြံပေးဆွေးနွေးမှုများ စတင်ပြုလုပ်ပေးသွားတော့မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အခြေအနေဆိုးရွားမှုကြောင့် ချင်းလူမျိုးများစွာ မလေးရှားသို့ ထွက်ပြေးလာခဲ့ရပြီး မလေးရှားကို ရောက်ရှိပြီးနောက် UNHCR ၏ ဒုက္ခသည်အကာအကွယ်ကိုလည်း လျှောက်ထားကြပြီး ဖြစ်သည်။
လတ်တလောတွင်လည်း UNHCR မှ ၂၀၁၉ – ၂၀၂၂ ခုနှစ်များအတွင်း UN လူသစ်မှတ်ပုံတင်ခြင်း လျှောက်ထားသောသူများကို ရက်ချိန်းများပေးပြီး မှတ်ပုံတင်များ ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ACR မန်ဘာများ အနေဖြင့် အထက်ပါအခြေအနေများရှိနေသည့်အတွက် လာမည့် စက်တင်ဘာလ ၁ ရက်နေ့ (တနင်္လာနေ့) မှစ၍ ACR မန်ဘာများကို ဒုက္ခသည်အမှုတွဲ မည်မျှအရေးပါကြောင်း နားလည်သဘောပေါက်နိုင်ရန် အသိပေးခြင်းနှင့် မိမိဒုက္ခသည်အမှုတွဲများအတွက် အမြဲအဆင်သင့်ဖြစ်ကြရန် ACR ရုံး၀န်ထမ်း ဆရာမနှစ်ဦးမှ အကြံပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း ACR က အသိပေးထားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ မလေးရှား UNHCR ရုံးတွင် မှတ်ပုံတင်ထားသည့် ချင်းလူမျိုးဒုက္ခသည်ပေါင်း ၂၇၇၉၀ ဦးအထိရှိပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံသူဦးရေတွင် ၁၇၀၉၂၀ ဦးဝန်းကျင်ခန့်ရှိသည့်အထဲတွင် အများစုမျာ ရိုဟင်ဂျာများ ဖြစ်ကြကြောင်း သိရသည်။
သတင်း – ပီတာ
