ချင်းပြည်(Chinland) ကောင်စီ ပထမသက်တမ်း၊ ပဉ္စမအကြိမ်ကောင်စီအစည်းအဝေးကို ကျင်းပပြီး ချင်းပြည်အရေး ဆွေးနွေးမှုများကို ထုတ်ပြန်
စက်တင်ဘာ ၁ ရက်၊ ၂၀၂၅။
ချင်းပြည်(Chinland) ကောင်စီ ပထမသက်တမ်း၊ ပဉ္စမအကြိမ်ကောင်စီအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ချင်းလုံတွင် ကျင်းပခဲ့ပြီး ချင်းပြည်အရေး ဆွေးနွေးမှုများကို ချင်းပြည်(Chinland) ကောင်စီ က သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အစည်းအဝေးတွင် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး အစုအဖွဲ့၊ မြို့နယ်/ ဒေသအစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်နှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း ၈၁ ဦး တက်ရောက်ခဲ့သည်။
အကြမ်းဖက် အာဏာသိမ်း စစ်ကော်မရှင်က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီး ပါဝင်ပတ်သက် သူများအား ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ အရေးယူမှု ပြုလုပ်သွားမည်ဟု ချင်းပြည်(Chinland) ကောင်စီ က ကြေညာသည်။
ချင်းပြည်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ စိုက်ပျိုးခြင်းများသည် အမျိုးသားခြိမ်းခြောက်မှု အန္တရာယ်အဖြစ် သတ်မှတ်ကြောင်းနှင့် ချင်းပြည်(Chinland) ကောင်စီ၏ မူးယစ်းဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ် တိုက်ဖျက်ရေး မူဝါဒနှင့်အညီ တားဆီးကာကွယ် တိုက်ဖျက်သွားမည်ဟု ကြေညာသည်။
ချင်းပြည်အတွင်း လက်တလောဖြစ်ပွားနေသော အစုအဖွဲ့ အချင်းချင်းကြား အမုန်းတရားများ၊ စိတ်ဝမ်းကွဲပြားမှုများ၊ တိုက်ခိုက်မှုများ အဆုံးသတ်စေရေးနှင့် အမြန်ဆုံး ပြန်လည် သင့်မြတ် ပေါင်းစည်းနိုင်ရေးအတွက် ချင်းအမျိုးသား ဖြစ်တည်မှု စံတန်ဖိုးများကို အလေးထားစွဲကိုင်ပြီး ဘာသာရေး ခေါင်းဆောင်များနှင့် ဩဇာတိက္ကမ ရှိ ပုဂ္ဂိုလ်များ ပါဝင်စေလျက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ULA/AA မှ ပလက်ဝမြို့နယ်ကို ULA/AA ၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းကြောင်း ဖော်ပြခြင်းအပေါ် ချင်းပြည်(Chinland) ကောင်စီအနေဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။
ချင်းပြည်သူများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်၊ လူသားချင်းစာနာမှုများကို မဆုံးရှုံးစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်(Chinland) ကောင်စီက ထုတ်ပြန်ထားသည်။
သတင်း – ပီတာ

