

စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုကို NLD ပါတီမှ ထုတ်ပယ်
စက်တင်ဘာ ၁ ရက်၊ ၂၀၂၅။
စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုသည် ပြည်သူ့ဆန္ဒကိုဆန့်ကျင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိသူအဖြစ် သတ်မှတ်ကာ ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် NLD က ထုတ်ပြန်သည်။
မင်းအောင်လှိုင်ဦးဆောင်သောစစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်၍ နိုင်ငံတော်အာဏာကို အဓမ္မလုယူခဲ့ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း ငြင်းဆန်ကန့်ကွက်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲများကို မတရားဖမ်းဆီးခဲ့သည်။
ထို့ကြောင့် အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြံစည်အားထုတ်နေမှုကို NLD ၏ ကြားကာလ ဗဟိုကော်မတီ အစည်းအဝေးများတွင် အသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်တားမြစ်ပြီးဖြစ်သည်ကို မျက်ကွယ်ပြုသောကြောင့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုကို ဩဂုတ်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ဗဟိုဌာနချုပ်အစည်းအဝေး အမှတ်စဉ် ၃၂/၂၅ ဆုံးဖြတ်ချက်အရ ပါတီမှ ထုတ်ပယ်ခြင်းဖြစ်သည်။
ဦးစိုးထက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရာ အပြတ်သတ် အနိုင်ရရှိခဲ့သည်။
လက်ရှိတွင် ဦးစိုးထက်သည် လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ယှဥ်ပြိုင်မည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ပါတီ၏ ဥက္ကဌအဖြစ် ဦးစိုးထက်က တာဝန်ယူထားသည်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) အပါအဝင် ချင်းပြည်နယ်မှ ချင်းပါတီများဖြစ်သည့် ဇိုမီးအမျိုးသားပါတီ (ZNP) နှင့် ခူမီးအမျိုးသားပါတီ (KNP) တို့လည်း လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည် ဖြစ်သည်။
သတင်း – James Roe
